ဒုက္ခသည်တွေ ပြန်ပို့ရေး ထိုင်းနဲ့ မြန်မာ ဆွေးနွေး

  • 11 စက်တင်ဘာ 2014
Image caption ၃၂ ကြိမ် မြောက် TBC အစည်း အဝေး ပွဲမှာ မြန်မာ ဒုက္ခသည် တွေ ပြန်ပို့ရေး ကို အဓိက ဆွေးနွေးခဲ့

ထိုင်း နိုင်ငံက ဒုက္ခသည် စခန်းတွေမှာ အနှစ်၊ နှစ်ဆယ်ကျော် ဒုက္ခသည် အဖြစ် နေထိုင် ခဲ့ကြတဲ့ သူတွေ နေရပ်ရင်း ပြန်နိုင်ရေး အောက်ခြေက အသေးစိတ် အချက် တွေ ကို ထိုင်းနဲ့ မြန်မာTBC မြို့နယ် အ ဆင့် နယ်ခြား ကော်မီတွေ မြဝတီ မြို့မှာ ဆွေးနွေး ညှိနှိုင်း ခဲ့ကြ ပါတယ်။

TBC လို့ခေါ်တဲ့ မြို့နယ် အဆင့် မဲဆောက် မြဝတီ နယ်ခြား ကော်မီတွေ ရဲ့ ၃၂မြောက် အစည်း အဝေး ပွဲမှာ မြန်မာ နိုင်ငံသား ဒုက္ခသည် တွေကို ပြန်ပို့ရေး ကိစ္စ ဟာ အဓိက ဆွေးနွေးတဲ့ အချက်လည်း ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင် လကုန် ပိုင်းတုန်းက မြိတ်မြို့မှာ ကျင်းပ ခဲ့တဲ့ တိုင်းမှူး အဆင့် ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ ၂၈ ကြိမ်မြောက် RBC လို့ခေါ်တဲ့ နှစ်နိုင်ငံ၊ ဒေသ ဆိုင်ရာ နယ်ခြား ကော်မီတီ အစည်း အဝေးမှာ ဆွေးနွေး ခဲ့တာ တွေကို အောက်ခြေမှာ လိုအပ် တာတွေကို ညှိုနှိုင်း ကြတာလို့ TBC ဥက္ကဌ အမှတ် ၄ ဒေသ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ထေ့ဒ်ဆတ်က် ငမ် စနောင်မ်က ပြောပါတယ်။

ပြန်ပို့ ရမယ့် လမ်းကြောင်း တွေရဲ့ အနေ အထားတွေ၊ ဒုက္ခသည် တွေရဲ့ အရေ အတွက်၊ တဦး ချင်းရဲ့ ကိုယ်ရေး ရာဇဝင် စတာတွေ အကြောင်း အောက်ခြေမှာ ဆွေးနွေး ကြတာ ဖြစ်တယ်လို့လည်း ထိုင်း တပ်မှူးက ပြောပါတယ်။

မြန်မာ နိုင်ငံသား ဒုက္ခသည်တွေ ကို ဘယ်တော့ လောက် ပြန်လက်ခံ မယ် ဆိုတာ ကိုတော့ မြန်မာဘက် နယ်ခြား ကော်မီတီ ဥက္ကဌက၊ အထက်က ညွှန်ကြား လာတဲ့ အပေါ် ဆောင်ရွက် သွားမယ်လို့ သာ ပြောပြီး၊ အသေးစိတ် ကို ပြောကြားခြင်း မရှိပါ။

ထိုင်းနိုင်ငံ တာခ်ခရိုင် ထဲက မြန်မာ နိုင်ငံသား ဒုက္ခသည် တွေကို ကရင် ပြည်နယ် ထဲက ပိုင်ကျုံ မြို့နယ်ခွဲ၊ ဝေါ်လေမြိုင် မြို့နယ် ခွဲနဲ့ စူးကလိ မြို့နယ် ခွဲတွေမှာ နေရာ ချပေး မယ်လို့ မြန်မာ အာဏာပိုင် တွေနဲ့ နီးစပ် သူတွေက ပြောပါတယ်။

ဒါပေမဲ့၊ မဲ့လ ဒုက္ခသည် စခန်းက ဒုက္ခသည် တဦး ကတော့ သူတို့က တရားဝင် အသိ ပေးတာ မရှိကြောင်း အခုလို ပြန်ပို့မယ် ဆိုတဲ့ ကိစ္စဟာ ဒုက္ခသည် စခန်း တွေမှာ နေထိုင် သူ အားလုံးကို ဆွေးနွေး ပြီးမှ သာလျှင် ဆောင်ရွက် သင့်ကြောင်း ကိုလည်း သူကပြောပါတယ်။

တချိန် ထဲမှာပဲ ဗုဒ္ဓဟူးနေက စလို့ မဲ့လ ဒုက္ခသည် စခန်းမှာ အဝင် အထွက် တွေကို ပိတ်ထား တယ်လို့ ဒုက္ခသည် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ