MSF လုပ်ငန်းတွေ ပြန်စခွင့်ပေး

  • 12 စက်တင်ဘာ 2014
NGO Buildings were attacked in Sittwe ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တွေက အန်ဂျီအို အဆောက်အဦ တွေ အခုနှစ် မတ်လက တိုက်ခိုက် ခံခဲ့ရ

ရခိုင်ပြည်နယ်မှာ ဖေဖော်ဝါရီလက စပြီး လုပ်ငန်းတွေ ရပ်ဆိုင်း ထားခဲ့ရတဲ့ MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ကို ရခိုင်ပြည်နယ်နဲ့ မြန်မာ နိုင်ငံတွင်းက တခြား နေရာတွေမှာ လုပ်ငန်းတွေ ဆက်လုပ်ဖို့ အစိုးရက ခွင့်ပြုလိုက် ပါတယ်။

အစိုးရနဲ့ MSF တို့ အကြား တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာမှာ ၂ နှစ်ကြာလုပ်ငန်း လုပ်ဆောင်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ်မှာ လုပ်ငန်းတွေ လက်တွေ့ လုပ်ဆောင်နိုင်ဖို့ ကတော့ ဆက်လက် ညှိနှိုင်း ဆောင်ရွက် စရာတွေ ရှိနေတယ်လို့ MSF အဖွဲ့ကပြောပါတယ်။

ရန်ကုန်မြို့မှာ ရှိနေတဲ့ MSF Holland ရဲ့ ဒုတိယ အဖွဲ့ခေါင်း ဆောင် ဆိုင်မွန် တေလာ Simond Taylor က ရခိုင်ပြည်နယ် အာဏာပိုင်တွေနဲ့ ဆက်ပြီး ဆွေးနွေးရ ဦးမယ်၊ သူတို့ လုပ်ငန်း တွေနဲ့ ပတ်သက်လို့ လူတိုင်း သိရှိနားလည်အောင် ဒေသခံ ပြည်သူတွေနဲ့ ထိတွေ့ ပြောဆိုကြရ ဦးမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ဘယ်လို ဆက်လုပ်မယ်၊ အချိန် ဘယ်လောက်ကြာ မယ်ဆိုတာတွေကိုတော့ မပြောနိုင် သေးဘူးလို့ သူကဆိုပါတယ်။

ရခိုင် ပြည်နယ်မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရဖို့ ရိုးရိုးသားသား ဆောင်ရွက်ရမယ်၊ သက်ဆိုင်သူ အားလုံးနဲ့ ဆက်ဆံ ဆောင်ရွက်ရမယ် ဆိုတာမျိုးလို သတ်မှတ်ချက်တွေ အတိုင်း လုပ်သွားမှာပါလို့ ဆိုင်မွန် တေလာက ပြောပါတယ်။

ရခိုင် ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်ကတော့ အချိန်မှာ MSF ဘက်က လုပ်ငန်း ဆောင်ရွက်မယ့် အစီအစဉ်ကို ရခိုင်ပြည်နယ်အစိုးရ ခေါင်းဆောင်တွေနဲ့ ရပ်မိ ရပ်ဖတွေ ပါဝင်တဲ့ Emergency Coordination Centre လို့ခေါ်တဲ့ ECC အဖွဲ့ကို ချပြပြီး သဘောတူညီချက် ရယူဖို့ လိုတယ်၊ အခုချိန် အထိတော့ MSF က ဆက်သွယ်မလာ သေးဘူးလို့ ပြောပါတယ်။

အိုင်စီအာစီ အပါအဝင် တခြား အန်ဂျီအို အဖွဲ့တွေကလည်း သူတို့ အစီအစဉ်တွေ ECC ကို တင်ပြပြီး သဘော တူညီချက် ရယူခဲ့ကြတယ်လို့ သူက ပြောပါတယ်။

MSF အဖွဲ့ဟာ မြန်မာ အစိုးရနဲ့ ရခိုင် တိုင်းရင်းသား တွေက ဘင်္ဂါလီလို့ခေါ်တဲ့ ရိုဟင်ဂျာ တွေကိုသာ အဓိက အကူအညီ ပေးခဲ့တယ် ဆိုပြီး ရခိုင်တိုင်းရင်းသားတွေ ဘက်က စွပ်စွဲတာ ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ