ပအိုဝ်းနဲ့ ရှမ်း နယ်မြေအငြင်းပွားမှု ညှိနှိုင်းလို့ မရခဲ့

  • 12 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် pnlo
Image caption နောက်ထပ် ဆွေးနွေးပွဲတွေ မလုပ်သေးခင် PNLO ဘက်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ယာယီ ရပ်ထားမယ်။

PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတို့အကြား နယ်မြေ အငြင်းပွားရာကနေ တိုက်ပွဲတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ နှစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင် တွေ အကြား စက်တင်ဘာလ ၁၁ရက်နေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ကြပေမယ့် သဘောတူချက် တစုံတရာ မရပဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ ရပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားဖို့ကိုတော့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် မောက်မယ် မြို့နယ် ကဒူးကြီးဒေသကို ပအိုဝ်း အခြေပြုဒေသအဖြစ် အစိုးရက သတ်မှတ်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေကို PNLO ဘက်က လုပ်ဆောင်ခဲ့အပြီးမှာ ပအိုဝ်းနဲ့ ရှမ်းအဖွဲ့အကြား ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက် နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

RCSS/SSA ဘက်က လက်ရှိ သူတို့ရဲ့ ထိန်းချုပ်နယ်မြေထဲကနေ PNLO ထွက်သွားဖို့ကိုပဲ ဆက်တောင်းဆိုနေကြသလို PNLO ဘက်ကလည်း ပအိုဝ်း တော်လှန်ရေးခေတ် အဆက်ဆက်ကတည်းက အခြေစိုက်လာတဲ့ ဒေသမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နေတဲ့အတွက် ထွက်သွားဖို့ မဖြစ်နိုင်ကြောင်း ပြန်လည် တင်ပြခဲ့တယ်လို့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပြပါတယ်။

ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ယာယီအားဖြင့် ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

သဘောတူညီချက်၊ ဆုံးဖြတ်ချက်ရယ်လို့ မရသေးပေမယ့် သူ့ဘက် ကိုယ့်ဘက် အထင်အမြင်မှားမှုတွေကို တတ်နိုင်သလောက် အကြေအလည် ဆွေးနွေးထား နိုင်တဲ့အတွက် နောက်ဆွေးနွေးပွဲ မတိုင်ခင် ကြားကာလမှာ တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။