အာမေနီယန် ဘုရားကျောင်း နှစ်၁၅၀ ပြည့်မယ်

  • 13 စက်တင်ဘာ 2014
_armenian_church
Image caption ကုန်သည်လမ်း အာမေနီယန် ခရစ်ယန် ဘုရားကျောင်း (ဓာတ်ပုံ ခရက်ဒစ် Yangon Heritage Trust)

ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်က အာမေးနီးယန်း အော်သိုဒေါ့စ် ခရစ်ယန် ဘုရားကျောင်း ဟာ လာမယ့် အောက်တိုဘာ ၄ - ရက်နေ့ မှာ အနှစ် ၁၅၀ သက်တမ်း ပြည့်မြောက်တော့ မှာ ဖြစ်ပါတယ်။

အာမေးနီးယန်း ဘုရားကျောင်း ဟာ မြန်မာနိုင်ငံ မှာ ရှိတဲ့ သက်တမ်းရင့် ချာ့ချ် ဘုရားကျောင်းကြီးတွေ ထဲက တစ်ခု အပါအဝင် ဖြစ်ပြီး၊ မြန်မာ နိုင်ငံမှာ ရှိနေသေး တဲ့ အာမေနီယန် သွေးပါတဲ့ မိသားစုဝင် တချို့ လာရောက် ဝတ်ပြုနေ ဆဲ ဖြစ်တယ် လို့ အာမေနီးယန် မြန်မာ နွယ်ဖွား ဘုန်းတော်ကြီး ဦး ဂျွန်လှဝင်း က ပြောပါတယ်။

သူသိသမျှ အာမေနီယန် အနွယ် မိသားစု ၂၀ ဝန်းကျင် လောက် မြန်မာပြည် မှာ ရှိနေဆဲ ဖြစ်ပြီး ရန်ကုန်မှာ အများစုနဲ့ မန္တလေး လားရှိုး စတဲ့ နေရာတွေ မှာ နေထိုင် နေကြတယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ နဲ့ အစောဆုံး ထိတွေ့ဖူး တဲ့ ဥရောပ လူမျိုးတွေထဲ မှာ ပေါ်တူဂီပြီးရင် အာမေနီယန် တွေပဲ လို့ ဘုန်းတော်ကြီး ဂျွန်က ဆိုပါတယ်။

၁၇- ရာစု အလယ် ၁၆၅၀ ခုနှစ် ဝန်းကျင် ကတည်းက သံလျှင်မြို့ မှာ အာမေနီယန် တို့ အခြေချ ကုန်သွယ်မှု တွေ ပြုလုပ် ခဲ့ကြပြီး၊ ၁၈ ရာစု အစဦးမှာ ပဲခူး ဟံသာဝတီ နေပြည်တော် အတွက် လိုအပ်တဲ့ ပစ္စည်း မှန်သမျှ ပင်လယ်ရပ်ခြား ကုန်သွယ်မှု တွေ ကနေ ရယူ ပေးခဲ့သူတွေထဲ မှာလည်း အာမေနီယန် တွေ ပါတယ် လို့ ဆိုပါတယ်။

အနှစ် ၃၀၀ လောက် သက်တမ်း ရှိတယ်လို့ ဆိုတဲ့ အာမေနီယန် လူမျိုး ၃ ဦး ရဲ့ အုတ်ဂူတွေ ကို ပဲခူးမှာ တွေ့ဖူးတယ်လို့ လည်း ဦး ဂျွန်လှဝင်း က ဆိုပါတယ်။

မန္တလေး ရတနာပုံ ကောင်းစားစဉ်မှာ လည်း နန်းတွင်း အကြံပေး အမှုထမ်းတွေ ထဲ အာမေနီယန် တွေ ရှိခဲ့ပြီး၊ မင်းတုန်းမင်း က အာမေနီယန် ချာ့ချ် ကျောင်း တစ်ခု မြေနေရာပေး ဆောက်လုပ်စေခဲ့တယ် လို့ ဦး ဂျွန်လှဝင်း က ပြောပြပါတယ်။

အခု ကုန်သည်လမ်း အာမေးနီးယန်း အော်သိုဒေါ့စ် ကျောင်းတော် ရဲ့ အနှစ် ၁၅၀ ပြည့် ပွဲကို ကျင်းပတဲ့ အခါ မြန်မာနိုင်ငံ အနှံ့က အာမေနီယန် လက်ကျန် အိမ်ထောင်စု တွေ အားလုံးကို စုံစုံညီညီ ဖိတ်ခေါ် သွားနိုင်ဖို့ ကြိုးစား နေကြောင်း ဦး ဂျွန်လှဝင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ