အပစ်ရပ်အပြီး နိုင်ငံရေးဆွေးနွေးမှုအတွက် မူဘောင်တွေ ဆွေးနွေး

  • 13 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် nbf
Image caption နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တိုင်းရင်းသား ညီနောင်များ ဖယ်ဒရေးရှင်းက ဖိတ်ကြားခဲ့

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီးတဲ့နောက် နိုင်ငံရေး ဆွေးနွေးမှုတွေ အတွက် Framework မူဘောင် သတ်မှတ်နိုင် ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား ညီနောင်များ ဖယ်ဒရေးရှင်း NBF ၊ ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ် အဖွဲ့ FDAနဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

နိုင်ငံရေး ပါတီ အားလုံးကို ဖိတ်ကြားခဲ့ပေမယ့် ကျန်တဲ့ ၁၀ပါတီက မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

အပစ်ရပ်စဲရေး သဘောတူချက် ထွက်ပေါ်လာဖို့ အချိန် နီးကပ်လာတာနဲ့အမျှ နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလာတဲ့အတွက် NBF က ဦးဆောင်ပြီး နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

NBFနဲ့ FDA တို့ ချမှတ်ထားတဲ့ မူဘောင်တွေကို နိုင်ငံရေး ပါတီ ၅၆ပါတီက မူအားဖြင့် သဘောတူခဲ့ကြောင်း၊ ဒါပေမယ့်လည်း ၅၆ပါတီအနေနဲ့လည်း သူတို့ အချင်းချင်းကြား မူဘောင်တခု ချမှတ်ဖို့ လိုကြောင်း SNDP ရှမ်း အမျိုးသား ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

အခုအခါ NBFနဲ့ FDA တို့ရဲ့ မူဘောင်တွေအကြောင်း စာရွက်တွေ ဖြန့်ဝေထားပြီး ဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ကြေညာချက်တရပ် ထုတ်ပြန်ဖို့ ရှိတယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။