ပါတီ မှတ်ပုံတင်ရာမှာ ဘာသာရေး ခွဲခြားခံရ

  • 14 စက်တင်ဘာ 2014
dpns_logo_
Image caption လူ့ဘောင်သစ်ပါတီ တံဆိပ်

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို တရားဝင် မှတ်ပုံတင်ဖို့ ကြိုးစား နေကြတဲ့ ကိုဇေယျ ဦးဆောင်တဲ့ အဖွဲ့ ရဲ့ ပါတီ ထူထောင်လိုသူ လျှောက်ထားသူစာရင်း ထဲက အစ္စလာမ် ဘာသာဝင် ၂ ဦးကို ရွေးကောက်ပွဲ ကော်မရှင် က ဖယ်ရှား စေခဲ့ပါတယ်။

ပါတီ မှတ်ပုံတင်ရာ မှာ မကြန့်ကြာစေ ဖို့ ထုတ်ထားလိုက်ရင် အကောင်းဆုံး ပဲ ဆိုပြီး ကော်မရှင် ရဲ့ ပြောဆိုမှု အရ၊ ပါတီ ထူထောင် လိုသူ ၁၆ဦး စာရင်းထဲ က ဖယ်ရှား ခံခဲ့ရသူတွေ ကတော့ ကိုသက်ဦး နဲ့ မစမ်းစမ်းအေး တို့ ဖြစ်ပါတယ်။

ကာယံကရှင် တစ်ဦးဖြစ်တဲ့ ကိုသက်ဦး က ဒါဟာ ဘာသာရေး နဲ့ လူမျိုးရေး အရ ခွဲခြား ဆက်ဆံမှု ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။ ဒီ အဖြစ်အပျက် မတိုင်ခင်က လည်း၊ လူဝင်မှု ကြီးကြပ်ရေး လ၀က ရုံးကနေ အဲဒီ့ ၂ ဦးကို ခေါ်ပြီး၊ နိုင်ငံသား စစ်မှန်ကြောင်း ပြည်ပ ထောက်ပံ့မှု တွေ ကင်းရှင်းကြောင်း စတာတွေ ကို ခေါ်ယူ စစ်မေးခဲ့ မှု ရှိခဲ့တယ် လို့လည်း ပြောပါတယ်။

နှစ်ရှည် နိုင်ငံရေး အကျဉ်းသား ဖြစ်ဖူးတဲ့ ကိုသက်ဦး က သူဟာ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ကနေ ပေါက်ဖွားလာ တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ စတင် တည်ထောင် ကတည်းက ပါဝင်ခဲ့သူ ဖြစ်ကြောင်း နဲ့၊ ဘိုးစဉ် ဘောင်ဆက် မြန်မာပြည်ထဲ မှာ အခြေချ နေထိုင် ပေါက်ဖွား လာသူ လည်း ဖြစ်တယ် လို့ ပြောပါတယ်။

အခု လက်ရှိ လူ့ဘောင်သစ်ပါတီ မှတ်ပုံတင်နိုင် ရေး အခြေအနေ နဲ့ ပတ်သက်လို့ ကော်မရှင် က ကိုအောင်မိုးဇော် ဦးဆောင် တဲ့ အဖွဲ့ကို လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ နာမည်နဲ့ မှတ်ပုံ တင်ခွင့် ပြုမယ်လို့ ပြောဆိုထားမှု ရှိကြောင်းနဲ့၊ အဲဒီ့ အဖွဲ့ အနေနဲ့ လူ့ဘောင်သစ်ရဲ့ မူလ အလံကို ပြောင်းလဲ ပေးခဲ့ကြောင်း ကိုသက်ဦး က ရှင်းပြပါတယ်။

သူပါဝင်တဲ့ ကိုဇေယျ ဦးဆောင် တဲ့ အဖွဲ့ကို တော့ လူ့ဘောင်သစ် နာမည်မှာ စာသား အနည်းငယ် ဖြည့်စွက် ပြောင်းလဲဖို့ ကော်မရှင် က အကြံပေးထားပြီး၊ ဒီလို ပါတီ နာမည်ကို ဖြည့်စွက် ပြင်ဆင်တာမျိုး တွေ ပြုလုပ်မလား ဆိုတာ ပါတီတွင်း ဆွေးနွေး နေကြဆဲ ဖြစ်ကြောင်း ကိုသက်ဦး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ