ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ လူငယ် အခန်းကဏ္ဍ

  • 15 စက်တင်ဘာ 2014
Girls scout member attend the ceremony of the International Day of Democracy at the parliament building in Naypyitaw ဓာတ်ပုံ မူပိုင် EPA Photo
Image caption နေပြည်တော်က ဒီမိုကရေစီနေ့ အခမ်းအနားကို ကင်းထောက် မိန်းကလေးတွေ တက်ရောက်

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဟာ လူငယ်တွေအပေါ် မူတည်နေတဲ့ အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ လူငယ်တွေ ပါဝင်ကြဖို့ သမ္မတ ဦးသိန်းစိန်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ မှာ တိုက်တွန်းလိုက် ပါတယ်။

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို လွန်ခဲ့တဲ့ ၄ နှစ်က စပြီး နှစ်စဉ် ကျင်းပလာခဲ့ပါတယ်။

အခုနှစ်မှာ အခမ်းအနားတွေကို နေပြည်တော် လွှတ်တော်နဲ့ ရန်ကုန်မှာ ပြုလုပ်ခဲ့ကြ ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ လူငယ့် ရေးရာ ကိစ္စတွေမှာ လူငယ်တွေ ပုံစံမျိုးစုံနဲ့ ပါဝင်နေတာ တွေ့ရပေမဲ့ အားနည်း နေသေးတယ်၊ နိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ လူငယ်တွေ ပိုမို ပါဝင်ခွင့် ရသင့် တယ်လို့ ဒီမိုကရေစီနေ့ လူငယ် ဟောပြောပွဲမှာ ပါဝင်ဆွေးနွေး ခဲ့တဲ့ ကိုအောင်နိုင်မော် ကပြောပါတယ်။

မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်တဲ့ ဆောင်းပါးတွေ ရေးနေသူ ဒေါက်တာရန်မျိုးသိမ်း ကလည်း အစိုးရနဲ့ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာတို့ ပူးတွဲပြီး လူငယ် ဖိုရမ်တွေ လုပ်လာကြပေမဲ့ လူငယ်တွေရဲ့ လွတ်လပ် ပွင်လင်းတဲ့ အမြင်တွေကို အစိုးရက ဖိတ်ခေါ်တာထက် သူတို့ လုပ်ဆောင်မှုတွေ ကောင်းတယ်လို့ လူငယ်တွေ ကို ပြောပြတာမျိုးသာ ဖြစ်နေတယ်လို့ ပြောပါတယ်။

အစိုးရနဲ့ အာဏာရ ပါတီရဲ့ အကျိုး စီးပွား အတွက်ပဲ လူငယ်တွေကို ဒီမိုကရေစီ အပြောင်း အလဲမှာ ပါဝင်စေမယ့် အစား လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ ကင်းကင်း ပါဝင်ခွင့် ပေးသင့်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

အစိုးရက ဒီမို ကရေစီဟာ စစ်မှန်တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောနေပေမဲ့ ဖွဲ့စည်းပုံ ပြင်ရေး တိုင်းရင်းသား အရေးတွေ မှာ ဝေဖန်ခံ နေရတာတွေ ရှိနေပြီး အတိုက်အခံ အင်အားစုတွေ ဘက်က တော့ ပြည်သူ တွေရဲ့ စားဝတ်နေရေး၊ လယ်ယာမြေ သိမ်းဆည်း ခံရမှုတွေကို တိတိပပ ဖြေရှင်းတာ မရှိသေးတဲ့ အချက်တွေကို ထောက်ပြ နေကြပါတယ်။

နေပြည်တော် လွှတ်တော်မှာ ပြုလုပ်တဲ့ ဒီမိုကရေစီနေ့ အခမ်းအနားမှာ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတွေ၊ သံအမတ်တွေ တက်ရောက်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ