စင်္ကာပူကို မြန်မာ အိမ်အကူတွေ သွားအလုပ်လုပ်ခွင့် ယာယီပိတ်

  • 15 စက်တင်ဘာ 2014
Image caption စင်္ကာပူမှာ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်သူတွေ များပြား

မြန်မာ အလုပ်သမား အေဂျင်စီ အသင်းချုပ်နဲ့ စင်္ကာပူ အလုပ်သမား အေဂျင်စီ အသင်းချုပ်တို့ အကြား ခိုင်မာတဲ့ သဘောတူချက် လာတဲ့ အချိန်အထိ စင်္ကာပူနိုင်ငံမှာ မြန်မာ အိမ်အကူ အမျိုးသမီးတွေ သွားရောက် အလုပ် လုပ်ကိုင် ခွင့်ကို မြန်မာ အလုပ်သမား ဝန်ကြီးဌာနက ယာယီ ပိတ်ပင်လိုက်ပါတယ်။

မြန်မာ အိမ်အကူ အမျိုးသမီးတွေ ကို စင်္ကာပူနဲ့ ဟောင်ကောင်မှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ မြန်မာ အစိုးရက မနှစ်က စလို့ ခွင့်ပြုခဲ့တာပါ။

အဲဒီလို ခွင့်ပြုလိုက်တဲ့ အချိန်ကစလို့ စင်္ကာပူကို မြန်မာ အိမ်အကူ လွှတ်လိုတဲ့ အေဂျင်စီတွေ များပြားလာခဲ့ကြောင်း၊ ဒါ့ကြောင့် အေဂျင်စီ ပေါင်းစုံကို လိုက်လံ ထိန်းချုပ်မယ့်အစား အေဂျင်စီ အသင်းချုပ် အချင်းချင်း ညှိပြီး သူတို့ အာမခံတဲ့ အေဂျင်စီတွေနဲ့သာ အိမ်အကူတွေ ပို့မယ် ဆိုရင် အိမ်အကူ သွားလုပ်မယ့် သူတွေ အနေနဲ့ရော၊ မြန်မာ အလုပ်သမား ဝန်ကြီးဌာနရော၊ အိမ်ရှင်တွေအတွက်ပါ စိတ်ချ လုံခြုံမှု ရှိမှာ ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် က ဘီဘီစီကို ရှင်းပြပါတယ်။

လောလောဆယ် မြန်မာ အေဂျင်စီ အသင်းချုပ်နဲ့ စင်္ကာပူ အေဂျင်စီ အသင်းချုပ်တို့ အကြား ဆွေးနွေး ပြောဆိုနေရာမှာ မြန်မာ အိမ်အကူ အလုပ်သမားတွေရဲ့ လစာ ကိစ္စကအစ အိမ်ရှင်တွေရဲ့ နှိပ်စက် ညှင်းပန်းခံရမှု ကိစ္စ၊ အခွင့်အရေး ချိုးဖောက် ခံရမှု ကိစ္စတွေအထိ ပါဝင်တယ်လို့ ဆိုပါတယ်။

စင်္ကာပူမှာ အိမ်အကူ အဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေသူ အတော်များများ ဟာ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ကြပြီး အိမ်ရှင်နဲ့ ပြဿနာ ဖြစ်လာမှ မြန်မာအစိုးရထံ အသိပေးတာမျိုး ရှိကြောင်း၊ စင်္ကာပူမှာ ရှိတဲ့ မြန်မာ သံရုံးအနေနဲ့ အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးနေကြောင်း ဦးမျိုးအောင်က ပြောပါတယ်။