MPC နဲ့ NCCT တိုင်းရင်းသားတွေ အကြို ဆွေးနွေး

  • 16 စက်တင်ဘာ 2014
MPC and NCCT meeting in August
Image caption နောက်ဆုံး ဆွေးနွေးတုန်းက မပြီးပြတ် သေးတဲ့ လက်ကျန် ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ရှိ

လာမယ့် ရက်ပိုင်း အတွင်း ရန်ကုန်မှာ ပြုလုပ်မယ့် အစိုးရနဲ့ NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဆွေးနွေးပွဲ အတွက် အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း UPWC အဖွဲ့က ထိုင်းနိုင်ငံမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့အကြို ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေ ပါတယ်။

အခု အလွတ် သဘော တွေ့ဆုံရာမှာ စက်တင်ဘာ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ ကျင်းပဖို့ စီစဉ်နေတဲ့ ဆွေးနွေးပွဲမှာ ဆက်လက် ညှိနှိုင်းဖို့ ကျန်နေသေးတဲ့ မူဝါဒ ပိုင်းကို ဆွေးနွေး ကြမယ် လို့ နှစ်ဘက် စလုံးက ပြောပါတယ်။

ဒါပေမဲ့ လာမယ့် ဆွေးနွေးပွဲမှာလည်း အပြီးသတ် ညှိနှိုင်းနိုင်ဖို့ မျှော်လင့်ချက်တော့ သိပ်မရှိ လှဘူးလို့ NCCT ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးနိုင်ဟံသာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုန်းက အတွင်းပိုင်း စာသား တစ်နေရာမှာ ထည့်သွင်းခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ဆိုတဲ့ စကားလုံးကို တပ်မတော် ဘက်က မကျေနပ်ခဲ့တဲ့ ကိစ္စနဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် မူကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ နေရာမှာ ဖက်ဒရယ် ဆိုတဲ့ ဝေါဟာရကို တပ်မတော် ဘက်က လက်မခံချင် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အဲဒီ ဆွေးနွေးဖို့ ကျန်နေသေးတာတွေ ကတော့ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ်ရေးထိုးတဲ့ အခါ ဘယ်သူတွေ ပါဝင် လက်မှတ်ရေးထိုးကြ မလဲ၊ လက်မှတ်ထိုးပြီးကာလနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကြားကာလ အစီအစဉ်တို့ကို ဆက်ညှိနေတယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

လာမယ့် ဆွေးနွေးပွဲမှာ အဲဒါတွေကို အရင်ဆွေးနွေးပြီး တပ်သား စုဆောင်းရေး ကိစ္စတို့ကို ဆက်လက် ညှိနှိုင်းကြမှာ ဖြစ်တယ်လို့ လည်းသူက ဆိုပါတယ်။

တပ်သားစုဆောင်းရေး ဆိုတဲ့ ကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အနေနဲ့ အတင်း အဓမ္မ စစ်သား စုဆောင်းတာ မလုပ်ပေမဲ့ သူတို့သဘောနဲ့ သူတို့ လာရောက် ပူးပေါင်းချင်သူတွေ ကိုတော့ တိုင်းရင်းသား အဖွဲ့တွေက လက်ခံသွားမယ်လို့ ဦးနိုင်ဟံသာက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ