ARTRAKER အနုပညာ ပထမဆု ကိုဆန်းဇော်ထွေး ရရှိ

  • 17 စက်တင်ဘာ 2014
bbc_304x171_bbc
Image caption ပန်းချီဆန်းဇော်ထွေး ရဲ့ ဆုရ ပန်းချီ စါရင်းဝင်

လန်ဒန်မြို့တော် မှာ မနေ့ က ကျင်းပတဲ့ 2014 ARTRAKER နိုင်ငံတကာ ပန်းချီ အနုပညာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ မှ ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး က စွန့်ပစ်ပစ္စည်းတွေ ကို အနုပညာ မြောက်အောင် ပြန်လည် အသုံးချ ပြတဲ့ ပရောဂျက် နဲ့ ပထမ ဆု ဆွတ်ခူး ခဲ့ ပါတယ်။ ဒီ ပြိုင်ပွဲ မှာ စကာတင် အနုပညာရှင် ၁၂ ယောက် အနက်၊ ကိုဆန်းဇော်ထွေး က ပထမ ဆု ရခဲ့တာပါ။

ဒီ ဆုချီးမြှင့်မှု ကို ARTRAKER အဖွဲ့ က နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ကျရောက်တဲ့ စက်တင်ဘာလ ၂၁ ရက် ဝန်းကျင်မှာ ကျင်းပလေ့ ရှိပါတယ်။ သူဟာ ၁၉၉၉ ခု၊ ဗကသ ပြန်လည်ဖွဲ့စည်းရေး ဦးဆောင်ဖွဲ့စည်း ချိန်၊ ၉ လေးလုံး လှုပ်ရှားမှု ဖြစ်အောင် လှုံ့ဆော်မှု စတာတွေ နဲ့ ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ ရတာပါ။ ၂၀၁၂ ခု နှစ် ကျမှ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်း က လွတ်မြောက်လာခဲ့တာပါ။

ထောင်ကျနေစဉ် ကတည်း က ရသမျှ ပစ္စည်း၊ ပလပ်စတစ် အိတ်၊ ကော်ဖီ အိတ်ခွံ ဘူးခွံ၊ ကတ်ထူပြား စတာတွေ နဲ့ ရရာ ပစ္စည်းတွေ နဲ့ သူ့ အနုပညာ လက်ရာ တွေ တီထွင်ခဲ့တာပါ။ ထောင် က လွတ်လာပြီးတဲ့ နောက်မှာ တကိုယ်တော် ပန်းချီ ပြပွဲ ကိုလည်း၊ ပြသခဲ့ပါတယ်။ အခု သူတတ်မြောက်ထားတဲ့ စွန်ပစ် ပစ္စည်းတွေ ကနေ အနုပညာ လက်ရာ ဖန်တီးမှု ကိုလည်း၊ မိဖမဲ့ ကလေးတွေ၊ HIV ရောဂါ စွဲနေတဲ့ ကလေး တွေ ကို သင်ကြားပေး ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခုလို နိုင်ငံတကာ က အသိအမှတ်ပြု ဆုချီးမြှင့် ခံရတဲ့ အတွက်၊ မြန်မာနိုင်ငံတွင်းက စစ်ပြေးဒုက္ခသည် ကလေးတွေ အကြောင်း စာအုပ်ရေးသား ထုတ်ဝေပြီး၊ နိုင်ငံတကာ ဒုက္ခသည် ကလေးတွေ ဆီ ပို့ပေးဖို့ အစီအစဉ်၊ သူ့ရည်ရွယ်ချက် ကိုလည်း ARTRAKER အဖွဲ့ ကို ရှင်းပြခဲ့ လို့၊ သူလုပ်ငန်းတွေ ပိုမို ထိရောက်မှု ရှိလာနိုင်မယ် လို့ မြှော်လင့် ကြောင်းလည်း ဘီဘီစီ ကို ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး က ပြောပြပါတယ်။