နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂ ဆ တိုး

  • 17 စက်တင်ဘာ 2014
Ooredoo, Myanmar, Investment ဓာတ်ပုံ မူပိုင် Reuters
Image caption မိုဘိုင်းဖုန်း ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှပ်နှံမှု အဓိက တက်လာ

မြန်မာနိုင်ငံမှာ အခု ဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟာ အရင်နှစ် အလားတူ ကာလထက် ၂ ဆကျော် တိုးလာတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့ အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၁၄ ဧပြီလ ၁ ရက်ကနေ သြဂုတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒေါ်လာ သန်း ၃၃၂၀ လောက် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှု တက်လာတဲ့ အဓိကကဏ္ဍတွေကတော့ ဆက်သွယ်ရေး၊ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ဟိုတယ်လုပ်ငန်းနဲ့ စက်မှု ကုန်ထုတ်လုပ်ရေးတွေ ဖြစ်ပါတယ်။

ဆက်သွယ်ရေးဟာ ပထမ ၅ လအတွင်း ရင်းနှီးမြှပ်နှံမှု စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းလောက် ရှိပြီး အဓိကအားဖြင့် မိုဘိုင်းဖုန်း ကုမ္ပဏီကြီး နှစ်ခု ဖြစ်တဲ့ တယ်လီနော နဲ့ အူရီဒူး တို့ကြောင့် ဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှု တိုးလာတဲ့ အကြောင်းရင်းတွေထဲမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ မြန်မာစျေးကွက်အပေါ် ယုံကြည်ချက် မြင့်မားလာမှု၊ နိုင်ငံတွင်း ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ တိုးတက်လာမှု နဲ့ မြန်မာနိုင်ငံရဲ့ စျေးကွက် အလားအလာ ကောင်းမွန်မှုတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ အလုပ်အကိုင် များများ ဖန်တီးပေးနိုင်မယ့် လုပ်ငန်းမျိုးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုလာအောင် ဦးစားပေး လုပ်နေပြီး လောလောဆယ်မှာတော့ စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ တစ်လကို အလုပ်အကိုင်သစ် ပျမ်းမျှ တစ်သောင်းခွဲလောက် ဖန်တီးပေးနိုင်တယ်လို့ သူက ဆိုပါတယ်။