အဂတိလိုက်စားမှု ဘယ်လောက် အရေးယူနိုင်ပြီလဲ

  • 18 စက်တင်ဘာ 2014
Burmese Kyats
Image caption မြန်မာ နိုင်ငံအတွင်း အလွှာပေါင်းစုံမှာ အဂတိ လိုက်စားမှု ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြ

အစိုးရက ဖွဲ့စည်း ပေးထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သက်တမ်း ၆ လ အတွင်း ဆောင်ရွက်ချက်တွေကို ပထမဆုံး အကြိမ် သတင်း ထုတ်ပြန်လိုက်ပါတယ်။

အဂတိ လိုက်စားမှု ရှိတယ်လို့ တိုင်တန်းတဲ့ စာ ၅၃၃ စောင်မှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ စာ ၃ စောင်ကိုပဲဆက်လက် စိစစ် အရေး ယူနိုင်တယ်လို့ ကော်မရှင်က ပြောပါတယ်။

အဲဒီ တိုင်စာတွေအရ ဆက်လက် စိစစ်အရေးယူရာမှာ တွဲဘက် မြို့နယ် တရားသူကြီး တစ်ယောက်နဲ့ မြို့နယ် တရားသူကြီး တစ်ယောက်တို့ အဂတိလိုက်စားမှု ရှိတာ တွေ့ရလို့ တရားစွဲဆို အရေးယူထားပြီဖြစ်ပြီး အတိုင်ခံရသူ နောက်တစ်ယောက် ကိုတော့ စိစစ်ပြီး တရားစွဲဆိုဖို့ စီစဉ် နေတုန်း ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဦးသန်းအောင်က ပြောပါတယ်။

အုပ်ချုပ်ရေးပိုင်းက အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်လို့ တိုင်တန်းစာတွေ ရပေမဲ့ တိုင်သူတွေ ဘက်က သက်သေ အထောက်အထား မပြည့်စုံလို့ ဆက်လက် စိစစ်နိုင်ခြင်း မရှိဘူးလို့ သူက ပြော ပါတယ်။

၆ လ အတွင်း ရခဲ့တဲ့ တိုင်စာတွေ အများကြီးထဲမှာ ၃ စောင်က လွဲပြီး ကျန်တဲ့ တိုင်စာတွေကိုဆက် စိစစ် အရေးယူ နိုင်ခြင်း မရှိတာက တိုင်ကြားသူတွေဘက် သတင်း အချက်အလက် အပြည့်အစုံကို တိုင်စာထဲမှာ ဖော်ပြမထားတဲ့ အတွက် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တိုင်ကြားသူ တွေက ဘယ်သူ ဘယ်ဝါဆိုတဲ့ မှတ်ပုံတင် မိတ္တူ၊ ဆက်သွယ်နိုင်မယ့် လိပ်စာ တို့ကို တိုင်စာပို့တဲ့ အခါ အတူတွဲပို့ရမယ်၊ ကော်မရှင်က တိုင်ကြားသူကို ခေါ်ယူ စစ်ဆေးဖို့ လိုအပ်တဲ့ အခါ ဆက်သွယ်နိုင်အောင် ဖြစ်တယ်လို့ ဦးသန်းအောင်က ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အညီ ကော်မရှင်က လုပ်ဆောင်ရတာ ဖြစ်လို့ မပြည့်မစုံ တိုင်ကြားမှုတွေကို ကော်မရှင် အနေနဲ့ ဆက်လက် စိစစ်လို့ မရဘူး၊ အရေးယူ ဆောင်ရွက်လို့ မရဘူးလို့ ပြောပါတယ်။

တိုင်ကြားသူတွေ ဘယ်သူဘယ်ဝါဆိုတာ ကော်ရှင်က ထုတ်ဖော် ပြောမှာ မဟုတ်ဘဲ လျှို့ဝှက် ထားပေးမယ်လို့ ဆိုပါတယ်။

တိုင်ကြားလိုရင် အဂတိလိုက်စားမှု ကော်မရှင်၊ အုပ်စု ၁ အာကစားလေ့ကျင့်ရေး စခန်း၊ ဝဏ္ဏသိဓ္ဓိ ရပ်ကွက် နေပြည်တော်ကို စာနဲ့ ရေးသားတိုင်ကြားနိုင်ပြီး တယ်လီဖုန်းနဲ့တော့ တိုင်လို့ မရဘူးလို့ ဦးသန်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ