CNG သဘာဝ ဓာတ်ငွေ့ စျေးတက်မယ်

  • 18 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် cngngv
Image caption ရန်ကုန် မြို့တွင်း ခရီးသည် ဘတ်စကား ကားခတွေ လည်း လိုက်ပါ ပြောင်းလဲ နိုင်

ရန်ကုန် မြို့က ဘတ်စကားတွေ တက္က စီတွေ အများစုမှာ အသုံးပြု နေတဲ့ သဘာဝ ဓာတ်ငွေ့ (CNG) ဈေးနှုန်း တွေကို ဒီလကုန် က စပြီး အရင် သတ်မှတ် ဈေးနှုန်းထက် နှစ်ဆ တိုးမြှင့် သွားဖို့ စွမ်းအင် ဝန်ကြီးဌာနက စီစဉ် နေပါတယ်။

အစိုးရ ဆိုင်တွေက ဓာတ်ဆီ တစ်ဂါလံ နှင့် ညီမျှတဲ့ CNG ကုဗပေ ၁၆၅ ကို ကျပ် ၁၀၀၀ သတ်မှတ် ပြီး ရောင်းနေ တာ ဖြစ်ပြီး တော့ လာမယ့် အောက်တိုဘာ ၁ ရက်က စပြီး အဲဒီ ဈေးရဲ့ နှစ်ဆ ကျပ် ၂၀၀၀ ပြောင်းလဲ ကောက်ခံ သွား ဖို့ကို စွမ်းအင် ဝန်ကြီးဌာန က စီစဉ် နေတာ ဖြစ်ပါတယ်။

စွမ်းအင် ဝန်ကြီး ဌာန အနေနဲ့ CNG ရောင်းချ ရမှာ သုံးရတဲ့ မီတာခတွေ၊ ပိုက်လိုင်း ပြုပြင် စရိတ်တွေ၊ ဆိုင်တွေမှာ အသုံးပြု ရတဲ့ ပစ္စည်းတွေ ဟာ ဈေးကွက် ပေါက်ဈေး အတိုင်း ဝယ်ယူ နေရတာ ဖြစ်တဲ့ အတွက် အခုလို စျေးမြှင့်ဖို့ စီစဉ် ရတာလို့ စွမ်းအင် ဝန်ကြီး ဌာနက အကြီးတန်း အရာရှိကြီး တစ်ဦး က ပြောပါ တယ်။

ဒီလို ဈေးနှုန်း တိုးမြင့် မှု ကြောင့် ရန်ကုန် မြို့တွင်း ခရီးသည် ဘတ်စကား ကားခတွေ လည်း လိုက်ပါ ပြောင်းလဲ နိုင်တယ် လို့လည်း ဘတ်စကား ပိုင်ရှင် တွေဘက် က ပြောကြ ပါတယ်။

တရားဝင် စာရင်းတွေ အရ တစ်နိုင်ငံလုံး CNG အသုံးပြုတဲ့ ကားပေါင်း ၂၇၀၀၀ ကျော် ရှိပြီး တော့ အများစု က ဘတ်စကားတွေ အငှါးယာဉ် တက္ကစီ တွေ ဖြစ်ပါ တယ်။

မြန်မာ နိုင်ငံက နှစ်စဉ် သဘာဝ ဓာတ်ငွေ့တွေ အများ အပြား နိုင်ငံခြားကို တင်ပို့ ရောင်းချ နေရပေမယ့် နှစ်ရှည် စာချုပ် တွေ ကြောင့် ပြည်တွင်း ကို မဖြန့် ဖြူး နိုင်ပဲ ဖြစ်နေရတာပါ။

ဒီအတွက် ညောင်တုန်း မအူပင် ကုန်တွင်း လုပ်ကွက် တွေက ရတဲ့ တစ်ရက်ကုဗပေ သန်း ၂၀ လောက် ကိုပဲ အကန့် အသတ် နဲ့ ဖြန့်ဖြူး ပေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ