အစိုးရတပ်နဲ့ ကရင် ငြိမ်းချမ်းရေးအဖွဲ့တွေ အကြား အခြေအနေ တင်းမာ

  • 18 စက်တင်ဘာ 2014
Image caption ပြီးခဲ့တဲ့ ရက်ပိုင်းက မဲဆောက် မြဝတီ ချစ်ကြည်ရေး တံတားနားမှာ ချိန်ကိုက်ဗုံး တလုံး ရှာတွေ့ခဲ့

အခုရက်ပိုင်းမှာ ကရင်ပြည်နယ် မြ၀တီမြို့မှာ အချိန်ကိုက် မိုင်းထောင်မှုတွေ ဆက်တိုက် ဖြစ်လာနေတဲ့ အချိန်မှာ အစိုးရ စစ်တပ်က ငြိမ်းချမ်းရေး အဖွဲ့တွေကို ယူနီဖေါင်းနဲ့ လက်နက်ကိုင် သွားလာတာ မလုပ်ဖို့ သတိပေး တားမြစ်လိုက်တာကို ကရင်ပြည်နယ်တွင်းမှာ ရှိတဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေက လက်မခံကြပဲ တင်းမာမှုတွေ ဖြစ်လာနေပါတယ်။

နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ မဲဆောက်ကို သွားတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက အနိုင်ကျင့်၊ ငွေညှစ်တာကို မခံနိုင်လို့ ဆိုပြီး KNU/KNLA-PC က ဗိုလ်မှူးကြီး တိုက်ဂါး ဉီးဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက် စနေနေ့တုံးက မြ၀တီကို သွားတဲ့ ထိုင်းကုန်ကားတွေကို တားဆီး ပိတ်ဆို့ရာကနေ နှစ်ဘက်အကြား တင်းမာမှုတွေ ဖြစ်လာခဲ့တာပါ။

စက်တင်ဘာလ ၁၄ ရက်နေ့ မှာတော့ မြဝတီမြို့က ရှေ့တန်း အမှတ်၂၇၅ ခြေလျင် တပ်ရင်းကနေ KNU/ KNLA -PC နဲ့ KKO လို့ခေါ်တဲ့ DKBA ဆက်ဆံရေးရုံး တွေကို သတိပေး တားမြစ်စာတွေ ပို့ခဲ့ပါတယ်။

အဲဒီ သတိပေး တားမြစ်စာမှာ စာထုတ်တဲ့နေ့က စပြီးတော့ ငြိမ်းချမ်းရေး အဖွဲ့တွေအနေနဲ့ မြို့တွင်းနဲ့ မြို့ပြင်ကို စစ်၀တ်စုံ ၀တ်ပြီး လက်နက် ကိုင်ဆောင် သွားလာတာ မပြုကြဖို့၊ အစိုးရရဲ့ ဌာန ဆိုင်ရာ ကိစ္စတွေမှာ ၀င်ရောက် စွက်ဖက်တာတွေ မလုပ်ကြဖို့နဲ့ ခရီးသွားမယ် ဆိုရင် ငြိမ်းချမ်းရေး အဖွဲ့တွေရဲ့ ဆက်ဆံရေး ရုံးတွေက တဆင့် မြဝတီမြို့မှာ ရှိတဲ့ အစိုးရ စစ်တပ် ရှေ့တန်းရုံးကို ကြိုတင် အကြောင်းကြား ခွင့်ပြုချက် ယူရမယ်လို့ ဖေါ်ပြ ထားပါတယ်။

တချိန်ထဲမှာ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက အနိုင်ကျင့်နေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ DKBA ကလိုထူးဘော ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ဆန်းအောင် ကပါ တောင်းဆိုလာပါတယ်။

ငြိမ်းချမ်းရေး အဖွဲ့တွေကို သတိပေး တားမြစ်စာ ပေးခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ KNU/KNLA-PC ငြိမ်းချမ်းရေး ကောင်စီ ဖက်ကလည်း အစိုးရ စစ်တပ်ရဲ့ သတိပေး တားမြစ်တဲ့ အလားတူပုံစံ စာမျိုး အစိုးရ စစ်တပ်ကို စက်တင်ဘာ ၁၇ ရက် နေ့စွဲနဲ့ ပြန်ပေးခဲ့ပါတယ်။

အကဲခတ်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ နှစ်သက်မှုရအောင် ထိုင်းဖက်နဲ့ ဖြေရှင်းရင် ဖြေရှင်း ဒါမှမဟုတ် ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေကို အရေးယူရင်ယူ တခုခုကိုတော့ လုပ်ဖို့ လိုမယ်လို့ သုံးသပ်နေကြပါတယ်။