NCCT နဲ့ အပစ်ရပ် ဆွေးနွေးပွဲ ပြန်စမယ်

  • 21 စက်တင်ဘာ 2014
naing han tha
Image caption NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ

စက်တင်ဘာ ၂၂ က ၂၆ ရက် အထိ လုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း အဖွဲ့ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မီတီ UWPC တို့ ဆွေးနွေးပွဲ မှာ ကြားကာလ အစီအစဉ် တွေနဲ့ တခြား အရေးပါတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ရှိပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲတွေ မှာ အစိုးရ၊ စစ်တပ်နဲ့ လွှတ်တော် ၊ တိုင်းရင်းသား တပ်တွေနဲ့ ပါတီတွေ ဆိုပြီး ငါးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ဖို့ အစိုးရက လိုလား ပေမယ့် လက်နက်ကိုင် တွေ ဘက်က အစိုးရ၊ သူတို့နဲ့ ပါတီတွေ ပါတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကို လိုလား ပါတယ်။

အစိုးရနဲ့ အပစ်ရပ်စဲရေး ရပြီးခဲ့လို့ နိုင်ငံရေး ဆွေးနွေး နေတဲ့ ကြားကာလ တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ မူလ အတိုင်း တပ်စွဲခွင့် ကိုလဲ သီးသန့် နယ်မြေ သတ်မှတ်တာ ဖြစ်မှာ စိုးလို့ အစိုးရ ဘက်က သဘော မတူနိုင် သေးတဲ့ အပြင် တပ်သားသစ် စုဆောင်းတာနဲ့ အခွန် စည်းကျပ် တာတွေ ကို တားမြစ် ချင်တယ်လို့ NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ က ဘီဘီစီ ကို ပြောပါတယ်။

NCCT ဘက်က အပစ် ရပ်စဲရေး ယူပြီးရင် အစိုးရ၊ ပါတီနဲ့ လက်နက်ကိုင် တွေပါတဲ့ ပူးတွဲ နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖွဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပ သွားစေ လိုပါတယ်။

တနိုင်ငံလုံး အပစ် ရပ်စဲရေး မှာလဲ အစိုးရ ဘက်က ၁၆ ဖွဲ့နဲ့ပဲ အသိအမှတ်ပြု စေ့စပ် နေတာ ဖြစ်လို့ ကျန်နေသေးတဲ့ ရခိုင်၊ လားဟူ၊ ကိုးကန့်နဲ့ ဝ အဖွဲ့ငယ် ကိုပါ အပစ် ရပ်စဲရေး အတွက် ထည့်သွင်း ဆွေးနွေးဖို့ NCCT ဘက်က တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ