မြေပုံမှာ နိုင်ငံသားကတ် ထုတ်ပေးပေမယ့် အစီအစဉ်ပျက်

  • 22 စက်တင်ဘာ 2014
rohingya ဓာတ်ပုံ မူပိုင် AFP
Image caption ဒုက္ခသည် စခန်းတွေမှာ နှစ်ချီနေရတဲ့ မွတ်ဆလင်တွေ

ရခိုင် ပြည်နယ် မြေပုံ မြို့နယ်မှာ နိုင်ငံသား စိစစ်မှုတွေ လုပ်ပြီးနောက် မွတ်ဆလင် ၂ဝဝ ကျော်ကို နိုင်ငံသားကတ် ထုတ်ပေးခဲ့ပေမယ့် အခန်းအနားအစီအစဉ်ကတော့ ကန့်ကွက်မှုတွေကြောင့် ပျက်ပြား ခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း အခမ်းအနား တက်ဖို့ ရောက်လာပေမယ့် ရခိုင် မြို့ခံ တွေနဲ့ မြို့ လူကြီး တွေက အခမ်းအနား မတက်ဘဲ အသံတိတ် တံခါးပိတ် ဆန္ဒပြ ခဲ့ကြလို့ အစီအစဉ် ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ဥပဒေ အရ စိစစ်ပြီး နိုင်ငံသား ပေးတာ ဖြစ်ပေမယ့် ဒီလူတွေ ထဲမှာ ဒေသ ဘာသာစကား မတတ်သူတွေ၊ မပေးသင့်ဘူးလို့ မှတ်ချက် ပေးထားသူတွေ ပါနေလို့ ရခိုင် လူကြီးတွေက စိစစ်ရေး ကော်မတီက နုတ်ထွက် ခဲ့တယ်လို့ မြေပုံ ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်း က ပြောပါတယ်။

ဥပဒေ အရ အချိန်ယူ စစ်ဆေး ပြီး ပေးတာကို လက်ခံပေမယ့် နိုင်ငံတကာ ဖိအားကြောင့် မွတ်ဆလင် တွေကို အချိန်တို အတွင်း နိုင်ငံသား ကတ်တွေ ထုတ်ပေး နေတယ်လို့ ရခိုင် တွေက ယူဆလို့ ဒီလို ကန့်ကွက်တာ လို့လဲ သူက ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်တွေကို ထုတ်ပေးတဲ့ ကတ်တွေမှာ ပန်းရောင် နိုင်ငံသားစီစစ်ရေးကတ် ၄၀ နဲ့ ပြုနိုင်ငံသားရသူ ၁၆၉ ဦးကို အစိမ်းရောင် ၃ ခေါက်ချိုးကတ် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ကျမ်းကြိမ်ပွဲ အခန်းအနားကို ပြည်နယ်ဝန်ကြီးချုပ်မတက်ရောက်ပေမယ့် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း တက်ရောက်ခဲ့ပါတယ်။

မြေပုံမြို့က အစ္စလာမ် ဒုက္ခသည်တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စီစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို မှတ်ပုံတင်ထုတ်ပေးခဲ့တာဖြစ်တယ်လို့ လဝက ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ