ထိုင်း မြန်မာ လှေလုပ်သားတွေ အင်ဒိုကနေ ပြန်ခေါ်မယ်

  • 23 စက်တင်ဘာ 2014
thai worker ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ပ ငါးဖမ်းလုပ်ငန်းက မြန်မာ လုပ်သားတွေ

ငါးဖမ်းလှေမှာ ရောင်းစားခံရပြီး အင်ဒိုနီးရှား နိုင်ငံ အမ်းဘွန်းကျွန်းမှာ ထိန်းသိမ်း ခံရတဲ့ ထိုင်းငါးဖမ်းလှေ လုပ်သား နဲ့ မြန်မာလှေ လုပ်သား ၃ဝ လောက်ကို ပြန်လည် ခေါ်ယူနိုင်ဖို့ ထိုင်း နိုင်ငံက စတင် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။

ပြန်ခေါ်ယူနိုင်ရေး ဆောင်ရွက် နေတာကတော့ ဘန်ကောက် တောင်ဘက် မဟာချိုင်း အခြေစိုက် အယ်လ်ပီအဲန် လို့ခေါ်တဲ့ အလုပ်သမား ဘဝမြင့်တင်ရေး ကွန်ရက် ဖေါင်းဒေရှင်းဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ အထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၁၅ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၅ ယောက် ဟာ ထိုင်းငါးဖမ်းလှေမှာ အရောင်းစား ခံရတဲ့သူတွေ ဖြစ်ပါတယ်။

တချို့က ၅ နှစ်ကျော်ပြီး တချို့က မကြာခင်ကမှာ ငါးလှေပေါ်ရောက်သွားသူတွေလို့ သိရပါတယ်။

ပိုက်ဆံလည်းမရ အလုပ်ကလည်း ကြမ်းတမ်းလို့ မခံနိုင်တဲ့အဆုံး ရေထဲကို ခုန်ဆင်းပြေးသွားကြရင်း ကမ်းခြေကို ရောက်သွားတာ ဖြစ်ပါတယ်။

လှေလုပ်သား တချို့ကို အယ်လ်ပီအဲန် ဖေါင်ဒေးရှင်း ဝန်ထမ်းက သွားရောက် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားတွေကို ပြန်ခေါ်နိုင်ရေး အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်။

မြန်မာ အလုပ်သမားတွေကို ခေါ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

အလုပ်သမား တွေကို ငါးဖမ်းလှေမှာ အဓမ္မ အလုပ် ခိုင်းစေခဲ့တဲ့ ထိုင်းငါးဖမ်းလှေကို အရေးယူ နိုင်ရေး အယ်လ်ပီအဲန် ဖေါင်ဒေးရှင်းက သက်ဆိုင်ရာနဲ့ ပူးပေါင်း ဆောင်ရွက်မယ် လို့ ဒါရိုက်တာ စုမ်ဖုန်းက ပြောပါတယ်။

မြန်မာ အလုပ်သမားတွေကို ပြန်လည်ခေါ်ယူနိုင်ရေး အတွက် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက အချက်အလက်တွေ စုဆောင်း နေပြီး အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဘန်ကောက် မြန်မာသံရုံးက အဆင့်မြင့် အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်ကလည်း အင်ဒိုနီးရှား ရေပိုင်နက်ထဲက ထိုင်းငါးဖမ်းလှေမှာ မြန်မာ အလုပ်သမား အယောက် ၄၀ လောက် အဟာရပြတ်ပြီး သေခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ