ခရီးသွားရုပ်ရှင်ပွဲတော် ညောင်ဦးမှာပိတ်ခံရ

  • 24 စက်တင်ဘာ 2014
umanrights_film_festival
Image caption လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ညောင်ဦး သံတဲဟိုတယ်မှာ လူငယ်တွေ အတွက် လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့က စီစဉ်တဲ့ ခရီးသွား ရုပ်ရှင်ပွဲတော် ကို စက်တင်ဘာလ ၂၃ ရက်နေ့ က ပြသနေတုန်း လူတစု က ကန့်ကွက် လို့ ဆိုပြီး သက်ဆိုင်ရာ က ပိတ်ခိုင်း တဲ့ အတွက် ပိတ် လိုက်ရတဲ့ အကြောင်း လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့ကအမှုဆောင် ဒါရိုက်တာ ဒေါ်မွန်မွန်မြတ် က ဘီဘီစီ ကို ပြောပါတယ်။

သံတဲ ဟိုတဲ က ပြခွင့် မပေးတော့ လို့ ဘုန်းကြီးကျောင်း ကို ရွှေ့ပြီး ပြသဖို့ စီစဉ်ရာမှာ၊ သာသနာရေး ဆိုင်ရာ အာဏာပိုင်တွေ က ပိတ်ပင် လို့ ထပ်မံ အပိတ်ခံရပြန်ပါတယ်။ အဲဒီ အတွက် ဒါရိုက်တာ ဒေါ်မွန်မွန်မြတ် က၊ ဒီ လူ့အခွင့်အရေး ပညာပေး ရုပ်ရှင် ကြည့်ရဖို့ အသင့်စောင့်ဆိုင်း ကြတဲ့ ကျောင်းသား ၂၀၀ ကျော် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောပါတယ်။

ဒီ ပညာပေးဇာတ်လမ်း ကို ပြခွင့် မပေးဘူးလို့ ဘယ်သူကမှ တရားဝင် စာထုတ်ပြန်တာ လည်း မရှိတဲ့ အကြောင်း၊ ဒါပေမဲ့ လူပုဂ္ဂိုလ် တစုနဲ့ ရဟန်းတချို့ က ကန့်ကွက်စာ ပို့လို့၊ ခရိုင် အုပ်ချုပ်ရေးမှူး နဲ့ တွေ့ရပြီး၊ ဒီပွဲဟာ အများပြည်သူ အတွက် သင့်တော်တယ် ဆိုတာ ကို လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့က အဖွဲ့ဝင် ၁၂ ယောက် လက်မှတ်ထိုး လျှောက်ထား တဲ့ အကြောင်း လည်း ရှင်းပြပါတယ်။

လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့က စီစဉ်တဲ့ ခရီးသွား ရုပ်ရှင်ပွဲတော်ဟာ လူ့အခွင့် အရေး မှတ်တမ်းတို ရုပ်ရှင်တွေ ကို၊ ရန်ကုန်လူထု သာ မက၊ နယ်လူထု ပါ ကြည့်စေချင် လို့ ကျင်းပပုံ၊ လူထုကြားမှာ လူ့အခွင့်အရေး ဇာတ်လမ်း တို ကြည့်ခွင့်ရသူတွေ ဟာ၊ ဒီကိစ္စ ကို ပိုမိုဆွေးနွေးမှု ရှိလာတာ ကို တွေ့ရကြောင်း လည်း အမှုဆောင် ဒါရိုက်တာ ဒေါ်မွန်မွန်မြတ် က ဘီဘီစီ ကို ပြောပါတယ်။