ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖြေမနီးသေး

  • 23 စက်တင်ဘာ 2014
upwc_ncct
Image caption တပ်ဖက်က တင်းမာမှု တချို့ရှိလို့ တိုင်းရင်းသားတွေ ပြော

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ အင်္ဂါနေ့က ဒုတိယနေ့ အဖြစ် ကျင်းပခဲ့တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အပစ်ရပ် စာချုပ် အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ဟာ အရင်နေ့ထက် တစ်နာရီ ကျော်စောပြီး ပြီးဆုံး သွား ခဲ့ပါတယ်။

အစည်းအဝေး အစနေ့မှာဘဲ တပ်မတော် ကိုယ်စားလှယ်တွေဘက်က တင်းမာမှုတွေ ရှိနေတယ် လို့ တိုင်းရင်း သား ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

ညှိလို့ မရသေးတာတွေ

အခု လိုမပြေမလည် ဖြစ်ရတဲ့ အကြောင်းရာတွေထဲမှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေလည်း ပါဝင်နေပါတယ်။ ပြည်ထောင်စု တပ်မတော် ထူထောင်ရေး ဆိုတဲ့ အပိုင်းမှာ တပ်မတော်က သဘောမတူချင်တဲ့ သဘောတွေ တွေ့နေရတယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက သတင်းထောက်တွေကို ပြောပါတယ်။

Image caption ခက်ခဲတဲ့ ညှိနှိုင်းမှုတွေ ကျန်နေသေး

နောက်တခါ တပ်သားသစ် မစုဆောင်းရဘူးဆိုတဲ့ သတ်မှတ်ချက်မှာလည်း တိုင်းရင်းသား တပ်ဖွဲ့တွေကတော့ တပ်သားမစုရဆိုပြီး တပ်မတော်ကတော့ ဆက်စုခွင့် ရနေမယ့် အရေးကိုလည်း ညှိနှိုင်းနေရတုန်းပဲ လို့ သူက ဆိုပါတယ်။ ဆွေးနွေးပွဲ တက်လာတဲ့ တပ်မတော် ကိုယ်စားလှယ်တွေက သူတို့ဟာ သူတို့ ဆုံးဖြတ်ချက် မချနိုင်ပဲ ညှိရမယ့် ကိစ္စတွေဆို အထက်ကို ပြန်တင်ပြမယ်လို့ပဲ ပြောတဲ့ အကြောင်း နိုင်ဟံသာက ပြောပါတယ်။

ဒီဆွေးနွေးပွဲ စတင်တဲ့ နေ့မှာဘဲ ကာကွယ်ရေး ဦးစီးချုပ် က ဂျပန်နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်နေပါတယ်။

ဒီအစည်းအဝေး ကိုလေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ပဋိပက္ခ ဖြေလျှော့ရေး နဲ့ ငြိမ်းချမ်းရေးကော်မတီ ဥက္ကဌ ဦးခက်ထိန်နန် ကတော့ ကျန်တဲ့ ရက်တွေမှာ ကြိုးကြိုးစားစား ဆက်ညှိဖို့ လိုလိမ့်မယ်လို့ ပြောပါတယ်။ အရင်က မူကြမ်းအဖြစ် သဘောတူထားတာတွေကို အသေးစိတ် ဆက်ညှိနေကြရတာ ဖြစ်လို့ အဖြေထုတ်နိုင်ဖို့တော့ ညှိစရာတွေ ကျန်ပါသေးတယ်လို့ ပြောပါတယ်။