ဆန်​အရည်အသွေး စစ်ဆေး​ရေး​စာ​ချူပ် ချူပ်​

  • 24 စက်တင်ဘာ 2014
rice_myanmar_
Image caption မြန်မာ့ဆန်

တရုတ်နိုင်ငံ ကို ဆန် တရားဝင် တင်ပို့နိုင်ဖို့ အတွက် အခြေခံ အဆင့်ဖြစ် တဲ့ အရည်အသွေး စစ်ဆေးရေး သဘောတူ စာချူပ် ကို မြန်မာ နဲ့ တရုတ် ၂ နိုင်ငံကြား အစိုးရပိုင်း က တာဝန်ရှိသူ တွေ နေပြည်တော် မှာ လက်မှတ် ရေးထိုး လိုက်ပါတယ်။

ဒီ စာချူပ် ကို မြန်မာ အစိုးရဘက် က လယ်ယာ နဲ့ ဆည်မြောင်း ဝန်ကြီးဌာန အနေနဲ့ ချူပ်ဆိုတာ ဖြစ်ပြီး၊ တရားဝင် တင်ပို့နိုင် တဲ့ အရောင်းအဝယ် သဘောတူမှု စာချူပ်ကို တော့ စီးပွားရေး နဲ့ ကူးသန်းရောင်း၀ယ်ရေး ဝန်ကြီးဌာန က တာဝန်ခံ ချူပ်ဆို ရဦးမှာ ဖြစ်ပါတယ်။

အရောင်းအဝယ် စာချူပ် ချူပ်ဆို နိုင်မယ့် အချိန်ကာလ ကို အတိတကျ ပြောနိုင် ဖို့ ခက်ပေမယ့်၊ အခုလို အရည်အသွေး စစ်ဆေးရေး သဘောတူမှု ရလာ ခဲ့တဲ့နောက် တရားဝင် ဆန်ပို့ဖို့ သဘောတူမှု ကို တရုတ်နိုင်ငံ နဲ့ အကြား ရလာဖို့ သိပ်ခက်တော့ မှာ မဟုတ်တော့ဘူး ဆိုပြီးတော့ မြန်မာ လယ်သမား အသင်း ရဲ့ ဥက္ကဌ ဒေါက်တာစိုးထွန်း က ပြောပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ဆန်တင်ပို့ ဖို့ တရုတ်နိုင်ငံ နဲ့ အကြား တရားဝင် သဘောတူမှု မရှိပေမယ့်၊ နှစ်စဉ် ဆန်တန်ချိန် အများဆုံးကို တရုတ်နိုင်ငံကိုသာ တင်ပို့ခဲ့ရတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်က တန်ချိန် ၆ သိန်းကျော် ပို့ခဲ့ပါတယ်။

တရုတ် နိုင်ငံကလည်း မြန်မာနိုင်ငံ ဘက်က တရားမဝင် ဝင်ရောက်လာ တဲ့ ဆန်တွေကို အခါ အားလျော်စွာ ဖမ်းဆီး ပိတ်ဆို့တာမျိုး လုပ်လေ့ရှိတာ မှာ၊ လောလောဆယ် တရုတ်ပြည်တွင်း စပါးပေါ်ချိန် မှာ မြန်မာ ဆန်တွေကို အဝင်မခံ ဖြစ်နေပါ တယ်။

အခုနှစ်မှာ တော့ အိန္ဒိယ နိုင်ငံ ကလည်း မြန်မာဆန် တန်ချိန် ၂ သိန်း ဝယ်ယူမယ် ဆိုပြီး စျေးကွက် ပွင့်လာသလို၊ ဥရောပကို လည်း တစ်လ တန်ချိန် ၂ သောင်းလောက် ထိ တိုးမြှင့် ပို့လာရတယ် ဆိုပြီး ဒေါက်တာစိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ