ပေါ်တာတွေ နစ်နာမှု အသိအမှတ်ပြုဖို့ အဆိုတင်

  • 24 စက်တင်ဘာ 2014
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption ပေါ်တာတွေကို အသိအမှတ်ပြုရေး လွှတ်တော်မှာ အားလုံး ထောက်ခံ

အစိုးရ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အတွက် ပေါ်တာ အထမ်းသမားတွေ အဖြစ် ခိုင်းစေ ခံခဲ့ကြရသူ တွေရဲ့ နစ်နာမှုတွေကို အသိအမှတ်ပြုပြီး သင့်လျော်တဲ့ နစ်နာကြေးတွေ ပေးရေးနဲ့ ပတ်သက်တဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူ မရှိ ထောက်ခံ ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က မေးခွန်း အဖြစ်သာမေးဖို့ ရှိခဲ့ပေမဲ့ ကျန်တဲ့ အမတ်တွေကလည်း ဝိုင်းဝန်း ဆွေးနွေး ထောက်ခံချင်တဲ့ အတွက် အရေးကြီး အဆိုအဖြစ် တင်ဖြစ် သွားခဲ့တာလို့ ဦးစိုင်းသန်းနိုင်က ပြောပါတယ်။

စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ စစ်ရေး အထောက်အကူပြု အရပ်ဖက် ဝန်ထမ်း ပေါ်တာ လုပ်ရင်း သေဆုံးသူ ထိခိုက် ဒဏ်ရာ ရသူတွေ ရှိခဲ့ပြီး တချို့က ဒုက္ခိတ ဘဝနဲ့ ရုန်းကန်နေကြတာရှိတယ်လို့ သူက ပြောပါတယ်။

ပေါ်တာ အဖြစ် လိုက်သွားရင်း မိသားစုတွေ ဆုံးရှုံး ခဲ့ကြရသူတွေ ရှိတဲ့ အပြင် အိမ်ထောင်ဦးစီး ဖြစ်သူ သေဆုံးသွားရတဲ့ မိသားစုတွေ၊ စစ်တပ်က ရိက္ခာသယ်ဖို့ ထောက်ပံ့ပေးရတဲ့ ကျွဲ နွားတိရစ္ဆာန်တွေ ဆုံးရှုံးရ တာလည်း ရှိတယ်လို့ ဦးစိုင်းသန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

၁၉၉၀ နောက်ပိုင်း ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်နဲ့ သဘောတူညီချက် မရခင် အထိ ပေါ်တာဆွဲတာတွေ ရှိခဲ့ပြီး သူ့ရဲ့ အသိမိတ်ဆွေတွေ၊ ညီအစ်ကို တွေထဲမှာကိုပဲ ပေါ်တာ အဆွဲခံရလို့ ဒုက္ခိတ ဖြစ်သွား သူတွေ၊ ပြန်မလာ နိုင်တော့သူတွေ ရှိတယ်လို့ သူက ပြောပါတယ်။

ဖာပွန်လို မြို့ငယ်လေးမှာ စစ်တပ်က တစ်လကို လူ ဘယ်လောက် ပေါ်တာလိုက်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ထားတဲ့ အပြင် အရေးကြီးရင် ကြီးသလို ဆွဲခေါ် သွားကြတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူကိုယ်တိုင်တောင် ကျောင်းဆရာဘဝက ပေါ်တာ အဖြစ် ရိက္ခာ ဆန်တွေ သယ်ပို့ခဲ့ရဖူးတယ်လို့ ဦးစိုင်းသန်းနိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ