မြန်မာ စစ်တပ်က ကလေးစစ်သား ၁၀၉ယောက် ပြန်လွှတ်

  • 25 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၂ခုနှစ်ကစလို့ မြန်မာ စစ်တပ်က ကလေး စစ်သားတွေ အသုတ်လိုက် ပြန်လွှတ်ပေးခဲ့

မြန်မာ အစိုးရ စစ်တပ်က ကလေးစစ်သား ၁၀၉ယောက်ကို ဒီကနေ့ ကြာသပတေးနေ့မှာ ပြန်လွှတ်ပေးလိုက် ပါတယ်။

ကလေးစစ်သား အသုံးပြုမှုကို ရပ်တန့်ဖို့ ကုလသမဂ္ဂကို ကတိပြုခဲ့တဲ့ ၂၀၁၂ခုနှစ်ကတည်းက ဆိုရင် စစ်တပ်က အခု လွှတ်ပေးလိုက်တဲ့ ကလေး စစ်သား အရေအတွက်ဟာ အများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေး စစ်သား အသုံးပြုမှု လုံးဝ ပပျောက်ရေး အတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့က အခုလို စစ်တပ်က ကလေးစစ်သားတွေ အများအပြား လွှတ်ပေးလိုက်တာအပေါ် ကြိုဆို လိုက်ပါတယ်။

ဒါပေမယ့်လည်း ဒီလို လွှတ်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထုတ်ပြန်ထားတဲ့ ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံစာရင်းထဲကနေ ထုတ်ပေးဖို့ ပို နီးစပ်လာပြီလို့ မပြောနိုင်ကြောင်း ILO မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ညှိနှိုင်းရေးမှူး Ms Piyamal က ဘီဘီစီကို ပြောပါတယ်။

ILO က ချမှတ်ပေးထားတဲ့ တိုင်ကြားနိုင်တဲ့ ယန္တရားစနစ်က အထောက်အထား တွေကို ကြည့်ခြင်းအားဖြင့် လက်ရှိမှာ ကလေးစစ်သား စုဆောင်းမှုတွေ လျော့ကျလာကြောင်း တွေ့ရတယ်လို့တော့ သူက ပြောပါတယ်။

ကလေးစစ်သား အသုံးပြုမှုကို ရပ်တန့်ဖို့ ကုလသမဂ္ဂကို မြန်မာ အစိုးရက ကတိပြုခဲ့တဲ့ ၂၀၁၂ခုနှစ်ကတည်းကစပြီး စစ်တပ်က လွှတ်ပေးခဲ့တဲ့ ကလေးစစ်သား စုစုပေါင်း အခုအခါ ၄၇၂ ဉီး ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။