မကွေးမှာ လယ်သမားတွေ ထောင်ချီ ဆန္ဒပြ

  • 25 စက်တင်ဘာ 2014
Farmers protest in Magway ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သစ်တောကြိုးဝိုင်း သတ်မှတ်ထားတဲ့ မြေတွေ ပြန်ရဖို့ တောင်းဆို

ဆင်ပေါင်ဝဲ မြို့နယ်က ထောင်ချီတဲ့ လယ်သမားတွေက သူတို့မြေတွေကို သစ်တောကြိုးဝိုင်း သတ်မှတ်ထားတာ ပယ်ဖျက် ပေးဖို့နဲ့ လယ်ယာမြေ မှတ်ပုံတင် ထုတ်ပေးဖို့ မကွေးမြို့ သစ်တောရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြ ပါတယ်။

ဆန္ဒပြသူတွေထဲမှာ သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ် ကုန်းဘို၊ ငှက်ပျောကျင်း စတဲ့ရွာ ၁၁ ရွာက မြေပိုင်ရှင် ၅ထောင် နီးပါး ပါဝင်ပါတယ်။

သူတို့ ဘိုးဘွားစဉ်ဆက်က ဓါးမဦးချ လုပ်လာတဲ့ မြေတွေကို ၂၀၀၅ နောက်ပိုင်း ဘရုံဆည် ဆောက်ပြီး ကတည်းက ရေမြုပ် ဧရိယာနဲ့ မလွတ်လို့ ဆိုပြီး သစ်တောကြိုးဝိုင်း သတ်မှတ်ခံရလို့ ဆန္ဒပြ နေကြ တာပါ။

ကုန်းဘိုရွာက မြေပိုင်ရှင် ကိုထင်ကျော်က သူတို့ အနေနဲ့ ဘိုးဘွားပိုင်မြေပေါ်မှာ နေရပေမဲ့ လယ်စောင့် ယာစောင့် ဘဝလိုမျိုး နေထိုင်ကြရတယ်၊ ပုံစံ ၇ မရတဲ့ အတွက် အစိုးရဆီက ငွေတိုး နည်းနည်းနဲ့ ငွေချေးလို့ မရတော့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။ စက်တင်ဘာ ၂၈ တနင်္ဂနွေနေ့ကို ဆန္ဒပြခွင့် ရထားတာ ဖြစ်ပေမဲ့ အဲဒီနေ့က ရုံးပိတ်ရက်ဖြစ်လို့ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းက ခွင့်ပြုချက် မပါဘဲ ဆန္ဒပြကြတာလို့ ကိုထင်ကျော်ကပြောပါတယ်။

အခု ဆန္ဒပြ တောင်သူတွေက ဆင်ပေါင်ဝဲမြို့ပေါ်မှာလည်း ဇူလိုင် ၂၅ ရက်နေ့က ပထမ အကြိမ် ဆန္ဒပြခဲ့ပါ သေးတယ်။

အဲဒီတုန်းကတော့ သစ်တော ဦးစီးဌာနက နှစ် ၃၀ ဂရံနဲ့ အစုအဖွဲ့ပိုင် ကြိုးဝိုင်း အဖြစ်လုပ်ခွင့် ပေးမယ်လို့ ဆိုခဲ့ပေမဲ့ ဒေသခံတွေက လယ်ယာမြေမှတ်ပုံတင် ပုံစံ ၇ ဆိုတာကိုပဲ လိုချင်ပြီး ကြိုးဝိုင်းအဖြစ်က ပယ်ဖျက်ဖို့သာ တောင်းဆိုခဲ့ ပါတယ်။

ခွင့်ပြုချက် မရှိတဲ့ ဆန္ဒပြပွဲကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့က ၃ကြိမ် လာတားပြီး ဥပဒေအရ အရေးယူ ခံရမယ်လို့ ပြောခဲ့တဲ့ အကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

မကွေးတိုင်းဟာ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာ စီမံကိန်း မျိုးစုံကြောင့် လယ်ယာမြေ အသိမ်းခံရတာ အများဆုံး ဒေသဖြစ်တယ်လို့ တောင်သူလယ်သမား အရေးလုပ်နေသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ