ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာမယ့်သူ နောက်တစ်ယောက် လာပြီ

  • 26 စက်တင်ဘာ 2014
Dhamazeddi Bell ဓာတ်ပုံ မူပိုင် AP
Image caption ခေါင်းလောင်းကြီး ရှာဖွေတဲ့ နေရာကို စိတ်ဝင်စားသူ တွေ သွားကြည့်

ဓမ္မစေတီ ခေါင်းလောင်း ကြီး ကို မတွေ့သေးဘဲ ဆယ်မယ်လို့ အလှုရှင်တွေနဲ့ ပြည်သူတွေကို ဦးစံလင်းက လိမ်လည် ခဲ့တယ်လို့ ခေါင်းလောင်းကြီး ဆယ်ယူရေး အတွက် အလှုငွေ ထည့်ဝင်သူ တစ်ယောက်က ထုတ်ဖော် ပြောလိုက်ပါတယ်။

ပြည်သူလူထုကိုရော အလှုရှင်တွေကိုပါ ဦးစံလင်းက လိမ်ခဲ့တာ ဖြစ်တယ်လို့ ကျပ်သိန်း ၁၅၀၀ စုပေါင်း လှုခဲ့တဲ့ အလှုရှင် ၇ ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့့်က ပြောလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ခေါင်းလောင်းကြီးကို ၁၄ ရက် အတွင်း ကုန်းပေါ်ရောက်အောင် ဆယ်မယ်လို့ သတင်းစာရှင်းပွဲမှာ ဦးစံလင်း ပြောခဲ့တာဟာ ခေါင်းလောင်းကြီးကို တကယ် မတွေ့သေးဘဲ တွေ့ပြီးလို့ ဆယ်ယူ တော့မယ်လို့ ပြောခဲ့တာဟာ လိမ်ညာတာလို့ ဦးဝင်းမြင့်က ပြောပါတယ်။

ဦးစံလင်းက အစိုးရဆီက ခွင့်ပြုချက်တောင်းခဲ့တုန်းကလည်း ရှာဖွေမယ့် အဆင့်ကို မပြောဘဲ ဆယ်မယ်လို့သာ ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဦးဝင်းမြင့်က ခေါင်းလောင်းကြီး တကယ်ရှိတယ်ဆိုတာ သူ့အနေနဲ့ အမှန်တကယ် ယုံကြည်တယ်၊ သူကိုယ်တိုင်လည်း ခေါင်းလောင်းကြီးကို ဆက်လက် ရှာဖွေချင်တယ်လို့ ပြောပါတယ်။

သိပ္ပံနည်းရော ဝိဇ္ဖာ နည်းနဲ့ပါ ရှာဖွေဖို့ အခု ကတည်းက အစီအစဉ်တွေ ချနေတယ်၊ မကြာခင် အစိုးရဆီမှာ ခွင့်ပြုချက် တောင်းသွားမယ်လို့ သူက ပြောပါတယ်။

ခွင့်ပြုချက် ရရင် ကျပ်ငွေ သိန်း တစ်ထောင်ကို ကိုယ်တိုင် မတည် သွားမှာ ဖြစ်ပြီး ၆၂ ရက်ပဲ ရှာဖွေ ဆယ်ယူမယ်၊ အဲဒီရက် အတွင်း ရှာလို့ မတွေ့ရင်လည်း ဆယ်ယူခွင့်ကိုပြန်အပ်မယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

ရှာဖွေမှု အခြေအနေကို ပြည်သူတွေ သိအောင် နေ့စဉ် သတင်း ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ