အန်အယ်ဒီပါတီ ၂၆ နှစ်ပြည့်ပြီ

  • 26 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မနှစ်က အန်အယ်ဒီ ၂၅ နှစ်ပြည့် ပွဲမှာ တွေ့ရတဲ့ ပါတီ ခေါင်းဆောင်တွေ

၁၉၈၈ ခုနှစ် တနိုင်ငံလုံး လူထု အုံကြွမှုကြီး ဖြစ်ပွား ခဲ့ပြီးတဲ့ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဆိုတဲ့ အမည် နဲ့ နိုင်ငံရေး ပါတီကြီး တရပ် ပေါ်ပေါက်လာခဲ့ တာဖြစ်ပါတယ်။

ဒီပါတီကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တတ်သိ ပညာရှင်တွေ၊ တပ်မတော် တပ်မှူးဟောင်းကြီး တွေ ပါဝင်တဲ့ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ နဲ့ တော်လှန်ရေး ကောင်စီ ဒုတိယ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တို့ ၃ ဦး စုပေါင်း တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။

NLD ဖွဲ့စက ပါဝင်ခဲ့တဲ့ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူက သူတို့ အားလုံး တိုင်ပင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ အမည်ကို ပေးခဲ့တာဖြစ်ကြောင်း၊ ပါတီ အလံကိုရွေးချယ်ရာမှာလည်း ခွပ်ဒေါင်းနဲ့ တော်လှန်ရေး အလံကို ပေါင်းလိုက်တာ ဖြစ်ကြောင်း ပြောပြပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို့ ခေါ်ရတာကလည်း အဖွဲ့အစည်း ပေါင်းစုံပါဝင်တဲ့အတွက် ဖဆပလ အဖွဲ့ချုပ်လို နာမည်ကိုယူခဲ့တာဖြစ်တယ်လို့ ဆရာမောင်မိုးသူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ ဦးအောင်ကြီးတို့က၊ တဖက်ကို ၁၃ ဦးစီပါဝင်ပြီး ပါတီဖွဲ့စည်းမယ်လို့ဆုံးဖြတ်လိုက်ချိန်မှာ ဆရာမောင်မိုးသူက ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ဖက်က ပါခဲ့တာဖြစ်ပါတယ်။

ဦးအောင်ကြီး အုပ်စု ဖက်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကြည်မောင် ပါဝင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၈ လေးလုံး အရေးအခင်း ထဲမှာပါလာ ခဲ့ပေမယ့် မူလက ပါတီထောင်ဖို့ ရည်ရွယ်ချက်ရှိပုံ မရဘဲ နောက်ပိုင်းမှာတော့ သတင်းစာဆရာ ဂါးဒီးယန်း ဦးစိန်ဝင်း အိမ်မှာ ခေါင်းဆောင်သုံးဦး တွေ့ဆုံပြီး ပါတီ ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ လည်းဦးမိုးသူ က ပြောပြပါတယ်။

အန်အယ်ဒီ ပါတီထဲကို အလွှာအသီးသီးက ဝင်ရောက်ခဲ့ကြတဲ့ ပါတီဝင်တွေထဲမှာ ခုလက်ရှိ ပါတီဗဟို ဦးစီး အဖွဲ့ဝင် ဖြစ်လာတဲ့ ဦးဝင်းထိန်လည်း ပါဝင်ပါတယ်။

သူကတော့ ဗိုလ်ကြီးဟောင်း ဘဝကနေ NLD ရုံးအဖွဲ့မှူး ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ တာဝန်တွေ ယူခဲ့ဘူး ပါတယ်။

မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ ကနေ အန်အယ်ဒီထဲကို စတင်ပါလာခဲ့ပြီး၊ ပါတီဝင်သစ်တွေ စုဆောင်း တဲ့လုပ်ငန်းတွေကို အားတက်သရော လုပ်ခဲ့ပုံကို ဦးဝင်းထိန်က ပြန်ပြော ပြပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာ မရရှိခဲ့ဘဲ ပါတီ ခေါင်းဆောင်တွေ ထိန်းသိမ်း ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ လည်း နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ကျခံခဲ့ရပြီး နောက်ဆုံး တခေါက် လွတ်မြောက် လာတဲ့ နောက်မှာတော့ NLD ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့လို့ အခု တော့ လွှတ်တော်တွင်း ပါတီတရပ် အနေနဲ့ ရပ်တည်လျက် ရှိပါတယ်။