ကယ်ဆယ်​ရေး ရ​ဟတ်ယာဉ်​တစ်​စင်း ပျောက်​နေ

  • 27 စက်တင်ဘာ 2014
_khakaborazi_mountaineers_myanmar ဓာတ်ပုံ မူပိုင် AP
Image caption ခါကာဘိုရာဇီ တောင်တက် အဖွဲ့

ခါကာဘိုရာဇီ တောင်ထိပ်ကို တက်ရောက်ရင်း ပျောက်ဆုံးနေ တဲ့ တောင်တက်သမား နှစ်ယောက် ကို ရှာဖွေရာ မှာ အသုံးပြုနေ တဲ့ ရဟတ်ယာဉ် တစင်းဟာ စက်တင်ဘာ ၂၇ ရက် နေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေစဉ် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွား ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ Advance Aviation ကနေ ငှားရမ်း အသုံးပြုနေ တဲ့ ဒီ B4 အမျိုးအစား ရဟတ်ယာဉ် ဟာ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ ရဲ့ အခြေစိုက်စခန်း တည်ရှိ တဲ့ တဟွန်ဒမ်း ကျေးရွာ ကို ပူတာအိုကနေ ရိက္ခာပို့ အသွား မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံး သွားခဲ့တယ် လို့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ဝင်ရောက် ဆောင်ရွက် ပေးနေ တဲ့ ထူး ဖောင်ဒေးရှင်း က သတင်း ထုတ်ပြန် ခဲ့တာပါ။

စနေနေ့ နေ့လည် နှစ်နာရီ မိနစ် လေးဆယ် လောက်က အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး သွားခဲ့တဲ့ အဲဒီ့ ရဟတ်ယာဉ်ပေါ် မှာ Chat Chawal အမည်ရှိ တဲ့ ထိုင်းလူမျိုး ရဟတ်ယာဉ်မှူး တစ်ဦးနဲ့ အတူ မြန်မာလူမျိုး ရဟတ်ယာဉ်မှုး ဦးအောင်မြတ်တိုး နဲ့ ကယ်ဆယ်ရေး လုပ်ငန်း မှာ ပါဝင် ဆောင်ရွက်နေ တဲ့ ကချင် တောင်တက်သမား ဦးရွေရင်တော်ကြီး တို့ လိုက်ပါ သွားခဲ့တယ် လို့ သိရပါတယ်။

ဘာ့ကြောင့် အခုလို အဆက်အသွယ် ပြတ်တောက် သွားခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်း ကို မသိရသေးပေမယ့် ဒီ ရက်ပိုင်းအတွင်း အဲဒီ့ ဒေသမှာ ရာသီဥတု အခြေအနေ သိပ် မကောင်းကြောင်း အစောပိုင်း တုန်း ကတော့ ရန်ကုန် တက္ကသိုလ် ခြေလျှင် နဲ့ တောင်တက် အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ရဲ့ အတွင်းရေးမှုး ဦးထွန်းလှအောင် က ဘီဘီစီကို ပြောပါတယ်။

ပျောက်ဆုံးနေ တဲ့ ရဟတ်ယာဉ်ပေါ် မှာ ကယ်ဆယ်ရေး အဖွဲ့တွေ အတွက် ရိက္ခာတွေ နဲ့ ကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်း တွေ သယ်ဆောင် လာတယ် လို့ သိရပြီး သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ ကို အကြောင်းကြား ပြီး ရှာဖွေရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတယ် လို့ ထူးဖောင်ဒေးရှင်း က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ