ဦးဝီရသူကို သီရိလင်္ကာကို လာခွင့် မပေးဖို့ ကန့်ကွက်

  • 27 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဦးဝီရသူကို အကြမ်းဖက်သမားအဖြစ် Time မဂ္ဂဇင်း မှာ ဖေါ်ပြထား

သီရိလင်္ကာ နိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် သံဃာ့ ကောင်စီ အစည်းအဝေး တခုကို မန္တလေးမြို့ မစိုးရိမ်တိုက်က ဆရာတော် ဦးဝီရသူ ကို တက်ဖို့ ဖိတ်ကြား ထားရာမှာ ဦးဝီရသူကို သီရိလင်္ကာ ကို လာခွင့် မပေးဖို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီက ကန့်ကွက် လိုက်ပါတယ်။

ဦးဝီရသူကို အစည်းအဝေး တက်ဖို့ သီရိလင်္ကာ နိုင်ငံက သဘောထား တင်းမာတဲ့ ရဟန်းတော် အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena အဖွဲ့က ဖိတ်ကြား ခဲ့တာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မကြာသေးခင် လပိုင်းတွေ တုန်းက ဗုဒ္ဓဘာသာဝင် တွေနဲ့ မွတ်ဆလင် တွေအကြား ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာမို့ ဦးဝီရသူ လာရင် ရှုပ်ထွေးမှာ စိုးတဲ့အတွက် သူ့ကို ပြည်ဝင်ခွင့် မပေးဖို့ အာဏာပိုင် တွေကို ကန့်ကွက်ထားတယ်လို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီ ယာယီ ခေါင်းဆောင် ဟီလ်မီ အာမက် က ပြောပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံက မွတ်ဆလင်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်မှု တွေ အတွက် လှုံ့ဆော် ပေးခဲ့သူ ဖြစ်ပြီး သူလာရင် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေရဲ့ လုံခြုံမှု အတွက် စိုးရိမ်ရကြောင်း မစ္စတာ အာမက်က ပြောပါတယ်။

Bodu Bala Sena အဖွဲ့ အတွင်းရေးမှူးချုပ် Gala Goda Athe Gnanasara ကတော့ ဦးဝီရသူ သာမက နိုင်ငံ အတော်များများက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို ဒီအစည်းအဝေး တက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝီရသူဟာ ဘာပြစ်မှု မှုခင်းနဲ့မှ ငြိစွန်းနေတာမျိုး မရှိတာမို့ ဦးဝီရသူ လာရင် ကြိုဆိုဖို့ ရှိကြောင်း၊ ဗုဒ္ဓဘာသာမှာ အကြမ်းဖက် ဝါဒဆိုတာ မရှိကြောင်းနဲ့ ဦးဝီရသူ လာမယ့် အတွက် သီရိလင်္ကာမှာ ရှိတဲ့ မွတ်ဆလင် တွေအနေနဲ့ စိုးရိမ် ကြောက်လန့်ဖို့ မရှိကြောင်း အရှင် Gnanasara က မိန့်ပါတယ်။

ဦးဝီရသူဟာ သီရိလင်္ကာ သံဃာ့ အစည်းအဝေး တက်ဖို့ မြန်မာနိုင်ငံကနေ စက်တင်ဘာလ ၂၆ရက်နေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။