DKBA နဲ့ အစိုးရတပ် တိုက်ပွဲဆက်

  • 29 စက်တင်ဘာ 2014

ဒီကနေ့ တနင်္လာနေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်ထဲမှာ DKBA နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ရွာသားတွေ အိုးအိမ်စွန့် ထွက်ပြေး ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရ စစ်ကြောင်းက ကော့ကရိတ်မြို့နယ်၊ မြောက်ကြာအင်း လှေဆိပ်ကို အရောက်မှာ နယ်မြေခံ DKBA တပ်နဲ့ နာရီဝက်လောက် မော်တာတွေ၊ စက်သေနတ်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက် ခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဖြစ်စဉ် တခု အနေနဲ့ ဘားအံကနေ ကော့ကရိတ်ကို သွားတဲ့ ခရီးသည်တင် ကားတစီး သာမညနဲ့ ကျုံဒိုးကြားမှာ ပစ်ခတ်ခံရလို့ ခရီးသည် တယောက်ကို ထိမှန်ခဲ့ရာမှာ ဆေးရုံ တင်ထားရပြီး အခြေအနေ စိုးရိမ်ရကြောင်း ကော့ကရိတ် ဒေသခံ တယောက်က ပြောပါတယ်။

ဒီနေ့မှာပဲ မြိုင်ကြီးငူ ဒေသ မိဇိုင်း တောင်ခြေမှာလည်း တိုက်ပွဲဖြစ်လို့ ကြားသိရပေမယ့် သီးခြား အတည်ပြု ချက်တော့ မရသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေက အစိုးရနဲ့ DKBA တပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျိုက်မရော မြို့နယ်မှာတော့ တိုက်ပွဲတွေ ထပ်မဖြစ်တော့ပေမယ့် စာသင်ကျောင်းတွေကိုတော့ ပိတ်ထားတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

ကျိုက်မရော မြို့နယ်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရ စစ်တပ်က ဗိုလ်မှူးတယောက် အပါအ၀င် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရတဲ့ သူတွေ အပါအ၀င် အစိုးရဘက်က ၁၉ ယောက်နဲ့ လက်နက် အလက် ၂၀ ကို DKBA တပ်က လက်ရ ဖမ်းဆီးလိုက်ပြီး အဲဒီနေ့ ညနေမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် လက်နက်တွေကို ပြန်မပေးသေးလို့ အစိုးရနဲ့ DKBA ကြားမှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ DKBA ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ