ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာမှာ IS အတွက် လူစုသူ ဖမ်းမိ

  • 29 စက်တင်ဘာ 2014
Bangladesh Police arrested one person in connection with Islamic State
Image caption ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးက IS အဖွဲ့နဲ့ ဆက်စပ်သူ တစ်ယောက်ကို ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး အဖွဲ့ခွဲ the Al-Nusra Front မှာ ပါဝင်မယ့် လူတွေ ကို စုဆောင်းဖို့ ကြိုးပမ်း နေတယ်လို့ထိပ်တန်း ရဲအရာရှိ တစ်ယောက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အဖွဲ့က အရာရှိကြီး မာဆာဒူ ရာမန် Masadur Rahman က ဘီဘီစီကို ပြောပါတယ်။

အခု ဖမ်းဆီးမိသူ ဆာမီယွန် ရာမန်ဟာ မြန်မာ နိုင်ငံ အတွင်းမှာလည်း အလားတူ လူစုဆောင်းဖို့ အစီအစဉ်တွေ လုပ်နေတယ်၊ အသေးစိတ် သိရဖို့ ဆက်လက် စုံစမ်း ဖော်ထုတ်နိုင်အောင် လုပ် နေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာတော့ အာအက်စ်အို လို့ခေါ်တဲ့ ရိုဟင်ဂျာ အစည်း အရုံးအဖွဲ့ဝင်သုံးယောက်ကို ရခိုင်ပြည်နယ် မောင်းတောမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီး ရမိခဲ့ တယ်လို့ မြန်မာနိုင်ငံ လုံခြုံရေး ဆိုင်ရာ တာဝန် ရှိသူတွေက ဘီဘီစီကို အတည်ပြု ပါတယ်။

လက်ရှိ အခြေအနေ အရ အီရတ်နဲ့ ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုင်တွယ် မဖြေရှင်းနိုင်ဘူး ဆိုရင် တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို ထိခိုက် နိုင်တယ်လို့ အာဆီယံက ကုလသမဂ္ဂ အစည်း အဝေး တက်ရင်း ပထမဆုံး အကြိမ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့ အလယ်ပိုင်းက ပြဿနာက အရှေ့တောင်အာရှနဲ့ ဒေသတွင်း နိုင်ငံတွေ အထိ ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေက အခြေအနေကို စောင့်ကြည့်နေကြပြီး နိုင်ငံတကာနဲ့လည်း အချက်အလက်တွေ ဖလှယ်ဆောင်ရွက် နေတယ်လို့ ဘန်ကောက်အခြေစိုက် ကျူလာ လောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြော ပါတယ်။

အိုင်အက်စ် အဖွဲ့ဟာ အစ္စလာမ် ဘာသာဝင် ဆွန်နီ လူမျိုးစု တွေကို အခြေခံတာကြောင့် အရှေ့တောင် အာရှနဲ့ ဒေသတွင်း နိုင်ငံတွေမှာ ထိုးဖေါက်ဝင်ရောက်ဖို့ အားကောင်းတဲ့ သဘောရှိနေတယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ကျွမ်းကျင်တဲ့ နိုင်ငံကြီးတွေက ကူညီဆောင်ရွက် ပေးဖို့ လိုပြီး လက်ရှိမှာတော့ နိုင်ငံတွေ အချင်းချင်း လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ပိုမို ဖလှယ်ကြလို့ ဖမ်းဆီးရမိ မှုတွေ တွေ့လာရတယ်လို့ ပါမောက္ခ ပဏိထန်း ဝပ်ထနားယားကောန် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ