ရွေး​ကောက်​ပွဲ စနစ် ပုံစံ လွှတ်တော် မ​ဆုံးဖြတ်​နိုင်သေး

  • 30 စက်တင်ဘာ 2014
_hlut_taw
Image caption ပြည်သူ့လွှတ်တော်

မြန်မာနိုင်ငံ နဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ ပုံစံကို အကြံပြုဖို့ ဖွဲ့ထားတဲ့ လွှတ်တော် ကော်မရှင်က ရွေးကောက်ပွဲ စနစ် ၃ ခု တင်ပြ လာတာ မှာ လွှတ်တော် အနေနဲ့ ပိုပြီး ရွေးချယ် ဆုံးဖြတ်နိုင် ဖို့ အခြား စနစ် ပုံစံတွေပါ ထပ်လောင်း ဖြည့်စွက် ပေးပါ ဆိုပြီး ပြည့်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောလိုက်ပါတယ်။

ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ စနစ် ပုံစံ အနည်းဆုံး ၇ ခု လောက် ရွေးချယ် ပေးဖို့ စက်တင်ဘာ ၃၀ ရက်နေ့ ပြည့်သူ့ လွှတ်တော် အစည်းအဝေး မှာ သူရ ဦးရွှေမန်း က ပြောခဲ့တာပါ။

ကော်မရှင် က လက်ရှိ ရွေးချယ် ပေးထား တဲ့ စံနစ် ၃ မျိုး ကတော့ ပီအာလို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု စနစ် နဲ့ ပီအာ တစ်ဝက် ကျင့်သုံး မယ့် စနစ် နဲ့ အတူ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွေ မှာ ကျင့်သုံးခဲ့ တဲ့ တိုက်ရိုက်ရွေး စနစ် တွေပဲ ဖြစ်ပါတယ်။

ပီအာ စနစ် ဆန့်ကျင် ရေး ဆန္ဒပြ လှုပ်ရှားမှု တွေ မြို့ကြီး တွေ အပါအဝင် တချို့ နေရာတွေ မှာ ဖြစ်ပေါ် ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အဆိုပါ အချိုးကျ ကိုယ်စားပြု ပီအာ စနစ် ကျင့်သုံးဖို့ လွှတ်တော် အတွင်း အဆို တင်ခဲ့တဲ့ ကိုယ်စားလှယ် အပေါ် ဆန္ဒပြမှု လည်း ရန်ကုန် မှာ ပြုလုပ် ခဲ့ပါတယ်။

ဘယ်လို ရွေးကောက်ပွဲ ပုံစံမျိုး ကျင့်သုံးမယ် ဆိုပြီး လွှတ်တော် အနေနဲ့ အခု မဆုံးဖြတ်သေး ပဲ ရွှေ့ဆိုင်း လိုက်ခဲ့တာ ကတော့ အဲဒီ လှုပ်ရှားမှု တွေနဲ့ မဆက်စပ်ဘူး လို့ ကော်မရှင် ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးသန်းဝင်း က ဘီဘီစီ ကို ပြောပါတယ်။

သူရ ဦးရွှေမန်း ပြောခဲ့သလို ရွေးကောက်ပွဲ စနစ် ပုံစံ အနည်းဆုံး ၇မျိုးကို ကော်မရှင် က ရွေးချယ်ပြီး လာမယ့် အောက်တိုဘာလ ၂၁ ရက် နေ့မှာ လွှတ်တော် ကို ပြန်လည် အစီရင်ခံစာ တင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ