ဗြိတိန် နှစ်ယောက် သတ်မှု မြန်မာ ၃ ယောက်ကို ဖမ်းဆီး စစ်ဆေး

  • 2 အောက်တိုဘာ 2014
Hannah Witheridge and David Miller
Image caption ကော်တောင် ကျွန်းမှာ သတ်ဖြတ်ခ့ခဲ့ရသူ ဗြိတိန် နိုင်ငံသား နှစ်ယောက်

ထိုင်းနိုင်ငံ တောင်ပိုင်းက ကော်တောင်ကျွန်းမှာ ပြီးခဲ့တဲ့လလယ်က ဗြိတိန်နိုင်ငံသား ၂ ယောက် သတ်ဖြတ် ခံခဲ့ရမှု အတွက် တရားခံအဖြစ် သံသယရှိသူ မြန်မာအလုပ်သမား ၃ယောက်ကို ရဲက ဖမ်းဆီး စစ်ဆေးနေရာမှာ အဲဒီအထဲက တစ်ယောက်က ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အဲဒီ မြန်မာအလုပ်သမား ဝန်ခံတဲ့အကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အဲဒီလူ တကယ် အပြစ် ကျူးလွန်တာ ဟုတ်မဟုတ် တိတိကျကျ သိရဖို့ ဒီအန်အေ စစ်ဆေးနေပါတယ်။

သောကြာနေ့မှာ ထုတ်ပြန်ဖို့ ဘန်ကောက်က ရဲချုပ်ကိုယ်တိုင် ကော့တောင်ကျွန်းကို ရောက်နေပါတယ်။

အခင်းဖြစ်ပွားတဲ့ ကော့တောင်ကျွန်းမှာ ထဲထဲ ဝင်ဝင် ရှိပြီး ဘန်ကောက် မြန်မာသံရုံးနဲ့ ဆက်သွယ် ကူညီဆောင်ရွက်နေသူတစ်ယောက်ကတော့ စစ်ဆေးခံနေရတဲ့ မြန်မာ နိုင်ငံသားတွေရဲ့ နာမည်တွေက ကိုဇော်လင်း၊ မော်နဲ့ စောတို့ ဖြစ်ကြတယ်လို့ ပြောပါတယ်။

သူက ဆက်လက် ပြောရာမှာ CCTV ကင်မရာ ပေါ်မှာ တွေ့ရတဲ့ အရိပ် တစ်ခုကို ပုံဖော်ရာမှာ လူငယ် တစ်ယောက် ဖြစ်နေတာ တွေ့ရပြီး ဆက်လက် စုံစမ်းတဲ့ အခါ အဲဒီလူငယ်က အခင်း ဖြစ်ရာ နေရာမှာ ညအိပ်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာ အလုပ်သမား သုံးယောက် ပြစ်မှု ကျူးလွန်ဖို့ တိုင်ပင်နေတာ ကြားရကြောင်း အဲဒီလူငယ်က ပြောတယ်လို့လည်း ဆိုပါတယ်။

ဘန်ကောက်မြန်မာသံရုံးကလည်း အခု အမှုကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သံရုံးအဆင့်မြင့်အရာရှိက ဘီဘီစီကို ပြောပါတယ်။

မြန်မာ အလုပ်သမားတွေ နဲ့ ပတ်သက်လို့ စောင့်ကြည့် ကူညီဖို့ ထိုင်းတောင်ပိုင်းမှာရှိတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖေါင်ဒေးရှင်း က ဦးထူးချစ်နဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အဖွဲ့ MAT က ရှေ့နေ ဦးအောင်မျိုးသန်း တို့ကို သံရုံးက တာဝန်ပေး ထားတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ