မြန်မာနိုင်ငံရဲ့ ဘာသာရေး တင်းမာမှုတွေကို ဘန်ကီမွန်း စိုးရိမ်

  • 3 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ဒေသက ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ ဆိုးဝါးလာနေတယ်လို့ မစ္စတာ ဘန်ကီမွန်း ပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေအတွက် မြန်မာ အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ထုတ်ဖော် ချီးကြူး ထားပေမယ့် လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ ဆက်ရှိနေတာနဲ့ ပတ်သက် လို့တော့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖေါ်ပြထားပါတယ်။

အထူးသဖြင့် ရခိုင်ဒေသမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား တင်းမာမှုတွေ ပိုကြီးထွားလာနေသလို အဲဒီမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေကလည်း ပိုဆိုးဝါးလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင် အရွေးခံခွင့် တားမြစ်ထားတာ အပေါ်မှာလည်း သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။

ဒါပေမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေး တိုးတက်ရေးတွေ အတွက် ပြီးခဲ့တဲ့ ၃နှစ်တာ ကာလအတွင်း သမ္မတ ဉီးသိန်းစိန် အစိုးရ ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်လို့တော့ မစ္စတာ ဘန်ကီမွန်းက ချီးကျူး ပြောဆိုထားပါတယ်။

ဒီအစီရင်ခံစာကို လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မီတီ အစည်းအဝေးမှာ တင်ပြမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကတော့ အခု အစိုးရသစ် လက်ထက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်း ဆောင်ရွက်ပေးနေတာမို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးဖို့ မသင့်တော့ဘူးလို့ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောသွားပါတယ်။