ရန်ကုန် မြူ​နီ​စီ​ပယ် ရွေး​ကောက်​ပွဲ​တွေ ကျင်းပ နိုင်​တော့​မယ်

  • 3 အောက်တိုဘာ 2014
city_hall_bbc_yangon
Image caption ရန်ကုန် မြို့တော်ခန်းမ

လာမယ့် ဒီဇင်ဘာ မှာ ရန်ကုန်မြို့တော် ရဲ့ စည်ပင် သာယာရေး ကော်မတီ အဆင့်ဆင့် အတွက် ပထမဆုံး အကြိမ် မြူနီစီပယ် ရွေးကောက်ပွဲ တွေ ပြုလုပ် တော့မှာ ဖြစ်ပါတယ်။ စည်ပင် ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက် အောက်တိုဘာ လဆန်း မှာ ထွက်ရှိ လာခဲ့တဲ့ နောက် အခုလို မြူနီစီပယ် ရွေးကောက်ပွဲ တွေ ကျင်းပ လာနိုင် တာ ဖြစ်ပါတယ်။

မြို့နယ် ခရိုင် အသီးသီး ရဲ့ ၅ ဦးပါ မြူနီစီပယ် ကော်မတီ အတွက် ၃ ဦးကို အများက ရွေးကောက် ကြရမှာ ဖြစ်ပြီး၊ ၂ ဦးကတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ က လျာထား ခန့်အပ်ပေး မယ့် အစိုးရ ဝန်ထမ်းတွေ ဖြစ်မယ် လို့ သိရပါ တယ်။

အရွေးချယ် ခံမယ့် ကိုယ်စားလှယ် လောင်း အမည်စာရင်း ကို အောက်တိုဘာ ၆ ရက် ကနေ ၁၉ ရက် နေ့အကြား စာရင်း ပေးရမှာ ဖြစ်ပါတယ်။

ဒီလို ရွေးချယ် တင်မြှောက်ခွင့် ရှိမှသာ အများရဲ့ သဘောထား ဆန္ဒကို ထင်ဟပ်တဲ့ စည်ပင်သာယာရေး ကော်မတီ တွေ ဖြစ်လာပြီး၊ လူထု အခြေပြု မြူနီစီပယ် လုပ်ငန်း တာဝန်တွေ ကို ထမ်းဆောင် သွားနိုင် မှာ ဖြစ်တယ် ဆိုပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ရဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ပြောပါတယ်။

ယမန်နှစ်က စည်ပင် ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ တွေ စတင် ပြဌာန်း တုန်းကတော့ အိမ်ထောင်စု ၂၀၀ မှာမှ လူ၃ ဦး မဲပေးရ တဲ့ စနစ်မျိုး ဖြစ်ခဲ့လို့ ကန့်ကွက်ခဲ့တဲ့ ဒေါ်ညိုညိုသင်း ဟာ အခု နည်းဥပဒေ ပြင်ဆင်ချက် ကြောင့် တစ်အိမ်ထောင် တစ်မဲ ပေးနိုင်ခွင့် ရလာတာမျိုး တိုးတက်မှုတွေ ရှိတယ် ဆိုပြီး ပြောပါတယ်။

ဒါပေမယ့် မဲပေး ပိုင်ခွင့် ရှိတဲ့သူတွေ ကို မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်လို နေရာမျိုးနဲ့၊ ကိုယ်စားလှယ်လောင်း အရည်အချင်း စမ်းစစ်တဲ့ နေရမျိုးတွေမှာ ပိုပြီးတော့ ဒီမိုကရေစီ စံနှုံး စံထားတွေ နဲ့ ကိုက်ညီဖို့ လိုအပ်ကြောင်း လည်း ဒေါ်ညိုညိုသင်း က ပြောပါတယ်။

အခုလို စည်ပင်သာယာ ကော်မတီဝင် နေရာတွေ အတွက် မြူနီစီပယ် ရွေးကောက်ပွဲ တွေ ရှိလာတော့မှာ ဖြစ်ပေမယ့်၊ ရန်ကုန် မြို့တော်ဝန် ကိုတော့ ပြည်သူတွေ က ရွေးချယ်နိုင်ခွင့် မရှိသေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ မြို့တော်ဝန် ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဝန်ကြီးချူပ် က လျာထား ရွေးချယ် ပေးရပြီး သမ္မတ က အတည်ပြု ခန့်အပ်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ