အရည်အချင်းပြည့် လူငယ်ခေါင်းဆောင်တွေ မွေးထုတ်ဖို့ NLD ဆွေးနွေး

  • 4 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption လူငယ် အရည်အချင်းတွေကို မြှင့်တင်ဖို့ ဆောင်ရွက်ရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ဗဟို လူငယ်အဖွဲ့ အစည်းအဝေးကို စနေနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ရာမှာ အရည်အချင်း ပြည့်ဝတဲ့ လူငယ် ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ လောက်မှာပဲ လုပ်နိုင်သေးတဲ့ သင်တန်းတွေ စာဖတ်ဝိုင်းတွေ ပိုမို လုပ်ဆောင်ပြီး လူငယ်တွေ အတွက် အရည်အချင်း ဖြည့်တင်းပေး နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လူငယ် ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က လူငယ် အဖွဲ့ဝင် ဖြစ်ဖို့ သတ်မှတ်ထားတဲ့ အသက် (၃၅)နှစ်ကို အသက် (၃၀) ကန့်သတ်သင့်ကြောင်း၊ ဒါပေမယ့် လောလာဆယ်မှာ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေကို ထိခိုက်မယ် ဆိုရင်တော့ ၃၅နှစ် အဖြစ် ယာယီ သတ်မှတ်သင့်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် လူငယ် အဖွဲ့ဝင်တွေ အနေနဲ့ လိုအပ်ချက် အားနည်းချက်တွေကို ဖြည့်တင်းဖို့ အရည်အချင်း မြှင့်တင်ဖို့ တွေကို အလေးထား ဆောင်ရွက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတွင်း လူငယ် လူကြီး ကွာဟချက်ကို ပြင်ဆင်ဖို့အတွက် ပါတီ ခေါင်းဆောင်မှု အပိုင်းမှာ အဓိကကျတဲ့ ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ CEC မှာ လူငယ် တာဝန်ခံ တွေ ပါလာဖို့နဲ့ အရည်အချင်း ပြည့်ဝတဲ့ လူငယ် အဖွဲ့ဝင် အင်အား များလာဖို့ တွေကို လုပ်ဆောင် သွားမယ်လို့ ဗဟိုလူငယ် ဦးဆောင်အဖွဲ့ တာဝန်ခံ ဒေါက်တာ စိုးမိုးသူ က ပြောပါတယ်။

လောလောဆယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်းမှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွဲလို့ ပါတီကို ဦးဆောင်ဖို့ အရည်အချင်း ပြည့်ဝတဲ့သူ မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ လည်း ထွက်ပေါ်နေပါတယ်။

ဒါ့ကြောင့်လည်း ဒီကွက်လပ်ကို ဖြည့်နိုင်ဖို့ နဲ့ ပါတီတွင်း လူငယ် မျိုးဆက်တွေ ပြတ်မသွားဖို့ အစည်းအဝေး တက်ရောက်လာတဲ့ ဗဟို လူငယ် ခေါင်းဆောင်တွေက ပြင်ဆင် နေကြတာလို့ ရန်ကုန်မြို့က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။