လူသတ်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေကို မြန်မာအဖွဲ့ တွေ့ခွင့်ရ

  • 6 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာတွေကို ကြည့်ရတာ အကြောက်တရား ရှိနေပုံ တွေ့ရတယ်လို့ ဥပဒေ အကျိုးဆောင်က ပြော

ထိုင်းနိုင်ငံမှာ ဗြိတိသျှ လူမျိုး နှစ်ဦးကို သတ်ခဲ့မှု စွဲချက်တွေနဲ့ ထိန်းသိမ်း ခံထားရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို သူတို့ အတွက် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံသားတွေ တနင်္လာနေ့ မနက်က ကိုစမွီး အကျဉ်းထောင်မှာ သွားရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။

အဲဒီ လူနှစ်ဦးက အခင်း ဖြစ်ခဲ့တဲ့ နေရာနဲ့ ၂၅ကိုက် အကွာမှာ သူတို့ ဂစ်တာတီး ဆေးလိပ်သောက် အရက်သောက်ခဲ့ကြတယ် ဆိုတာကို ဝန်ခံ ပြောခဲ့ကြကြောင်း၊ ဒါပေမယ့် ဒီအမှုကို တကယ်ကျူးလွန်ခဲ့သလား ဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်း ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိခဲ့ကြောင်းနဲ့ သူတို့ကို ကြည့်ရတာ အကြောက်တရား တခုခု ရှိနေပုံ တွေ့ရတယ်လို့ အဲဒီ လူနှစ်ဦးနဲ့ ကိုယ်တိုင် တွေ့ခွင့် ရခဲ့တဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန်း က ဘီဘီစီကို ပြောပြပါတယ်။

သေဆုံးသူ အလောင်းနားမှာ တွေ့တဲ့ ဆေးလိပ်တိုက သွားရည် DNA နဲ့ မသင်္ကာသူ မြန်မာတွေရဲ့ သွားရည် DNA တူနေတယ်လို့ ရဲက ပြောနေပေမယ့် တကယ်တမ်းမှာ အဲဒီလူတွေက အခင်း ဖြစ်ပွားရာမှာ ဆေးလိပ် သောက်တာမျိုး မရှိခဲ့ပဲ ၂၅ကိုက်အကွာလောက်မှာသာ သူတို့ ဆေးလိပ် သောက်ခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ကြောင်း ဦးအောင်မျိုးသန်း က ပြောပါတယ်။

အဲဒီ လူတွေဘက်ကနေ ဥပဒေကြောင်းအရ တရားဝင် အကျိုးဆောင် လိုက်ပါခွင့် လက်မှတ်တွေ ထိုးယူလာခဲ့ပြီး နိုင်ငံတော် အကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

ကိုစမွီး အကျဉ်းထောင်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နဲ့ အဖွဲ့ အတူလိုက်ပါ လာပြီး ကြီးကြပ် ညွှန်ကြားမှုတွေ လုပ်ပေးနေတယ်လို့ ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန်း က ပြောပါတယ်။