ကမ္ဘာ့ဘဏ်ကို မြန်မာ့လူ့အခွင့်အရေးကိုင်တွယ်စေလို

  • 7 အောက်တိုဘာ 2014
human_rights_watch_ ဓာတ်ပုံ မူပိုင် HRW
Image caption HRW က မြန်မာ့လူ့အခွင့်အရေး ကိုင်တွယ်စေလို

ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာ့လူ့အခွင့်အရေး ပြဿနာ ကို ကိုင်တွယ် ဆောင်ရွက် စေလိုကြောင်း၊ Human Rights Watch (HRW) လူ့အခွင့်အရေး အဖွဲ့ က ကြေညာချက် ထုတ်ပြန် လိုက် ပါတယ်။ လာမဲ့ အောက်တိုဘာလ ၁၀ ရက် မှ ၁၂ ရက် အထိ ကျင်းပမဲ့ ကမ္ဘာ့ဘဏ်နဲ့ ငွေကြေး ရန်ပုံငွေ နှစ်ပတ်လည် အစည်းအဝေး အမီ တောင်းဆိုလိုက်တာပါ။

အဆိုပါ အစည်းအဝေး ကို မြန်မာနိုင်ငံ လည်း တက်မှာ ဖြစ်ပါတယ်။ Human Rights Watch ရဲ့ စိုးရိမ်ချက် ကို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့ ထိတ်တန်း သုတေသနမှူး ဂျက်ဆီကာ အယ်ဗန်းစ် က ဘီဘီစီ ကို ရှင်းပြရာမှာ၊ ကမ္ဘာ့ဘဏ် က ၂၀၁၂ ခု နှစ် ကစလို့ မြန်မာ နိုင်ငံ နဲ့ ပြန်လည် ဆက်ဆံမှု လုပ်တဲ့ နောက်ပိုင်းမှာ၊ လူနည်းစု မွတ်ဆလင်တွေ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ဘက် က ထောက်ပြတာ မရှိတဲ့ အတွက်၊ နိုင်ငံဖွံ့ဖြိုးရေး အပိုင်းမှာ အကြမ်းဖက်မှု တွေဟာ ကြီးမားတဲ့ အတားအဆီး တွေ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လယ်ယာတွေ အကြီးအကျယ် သိမ်းယူတဲ့ ကိစ္စ၊ စနစ်တကျ နဲ့ အဂတိ လိုက်စားမှု ရှိတဲ့ ပြဿနာ တွေ ကိုလည်း၊ ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာ အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ နောက်တချက် က မြန်မာ အစိုးရ နဲ့ စစ်တပ်ရဲ့ ဘတ်ဂျက် ရသုံးငွေ ဘက်မှာလည်း၊ ထင်သာမြင်သာ မရှိတာကို ကမ္ဘာ့ဘဏ် က ထောက်ပြ တာ မရှိကြောင်း လည်း၊ ဂျက်ဆီကာ အယ်ဗန်းစ် က ပြောပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်ကင်မ် ကိုယ်တိုင် က လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု တွေ ဟာ လူမှု အသိုင်းအဝိုင်း ကို ထိခိုက်စေရုံ မကဘဲ၊ နိုင်ငံ့ စီးပွား ဖွံ့ဖြိုးမှု ကိုပါ နစ်နာ ဆုံးရှုံးမှု ဖြစ်စေ နိုင်ကြောင်း ကိုလည်း ကိုးကားပြောပါတယ်။ အစိုးရသစ် လက်ထက်မှာ အရေးပါတဲ့ လူ့အခွင့်အရေး တိုးတက်မှု ရှိခဲ့ပေမဲ့၊ ၂၀၁၅ ရွေးကောက်ပွဲ လည်း နီးလာပြီ ဖြစ်လို့၊ လူ့အခွင့်အရေး အကဲဖြတ်မှု ကို သေသေချာချာ စောင့် ကြည့်ဖို့ လိုကြောင်း၊ ဒီရွေးကောက်ပွဲ ဟာ မြန်မာ့ ပြုပြင်ပြောင်းလဲ ရေး အတွက် သမိုင်း မှတ်တိုင် ဖြစ်သလို၊ နောက်ကြောင်း လည်း ပြန်လှည့်နိုင်ကြောင်း၊Human Rights Watch ရဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့ ထိတ်တန်း သုတေသနမှူး ဂျက်ဆီကာ အယ်ဗန်းစ် က ဘီဘီစီ ကို ရှင်းပြပါတယ်။