DKBA ဗျူဟာမှူးကို ဖမ်းဝရမ်းထုတ်

  • 9 အောက်တိုဘာ 2014
Image caption ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက်

DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက် တယ် ဆိုတဲ့ သတင်းတွေ ဗုဒ္ဓဟူးနေ့ ညနေက ထွက်ပေါ်ခဲ့ပါတယ်။

ကော့ကရိတ်ခရိုင်က DKBA အကြီးအကဲ ဗိုလ်မှူးချုပ် စောကျော်သက်ကတော့ ဒီပြဿနာဟာ စက်တင်ဘာ လကုန်ပိုင်းတုန်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ အစိုးရ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေနဲ့ DKBA ငြိမ်းချမ်းရေး တပ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲတုန်းက အစိုးရ စစ်တပ်ဆီက သိမ်းယူထားတဲ့ သေနတ်ရှည် ၆ လက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုံးက ကော့ကရိတ် အခြေစိုက် စကခ ၁၂ က တဆင့် DKBAက အစိုးရကို ပြန်ပေးလိုက်ပေမယ့် DKBA ရဲ့ လက်နက် တွေကိုတော့ ပြန်ပေးခြင်း မရှိပဲ DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကိုပါ အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာလို့ DKBA ဖက်ကပြောပါတယ်။

သူတို့ဘက်က ငြိမ်းချမ်းရေး လိုချင်တဲ့အတွက် သေနတ်တွေ ပြန်အပ်ခဲ့ကြောင်း၊ အဲဒါကို အခုလို ဖမ်းဝရမ်း ထုတ်မယ် ဆိုရင်တော့ လက်ခံမှာ မဟုတ်ကြောင်း ဗိုလ်မှူးချုပ် စောကျော်သက်က ပြောပါတယ်။

တချိန်တည်းမှာ ရန်ကုန်မြို့ NCCT ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားနေတဲ့ DKBA ဗိုလ်မှူးကြီး ဆန်းအောင် အဖွဲ့ မွန်ပြည်နယ် ဆက်ဆံရေးရုံးမှာ အပ်နှံသွားတဲ့ သေနတ်တို နှစ်လက်ကိုလည်း စစ်တပ်က သိမ်းဆည်း သွားတယ်လို့ DKBA ဘက်က ပြောပါတယ်။