ကော့တောင်ကျွန်းက လူသတ်မှု ဖြစ်ပွားခဲ့ရာ နေရာကို မြန်မာအဖွဲ့ သွားကြည့်

  • 8 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption လူသတ်မှု ကျူးလွန်ခဲ့သူတွေလို့ စွပ်စွဲခံထားရသူ မြန်မာတွေကို အခင်း ဖြစ်ပွားခဲ့ရာ နေရာမှာ ပြန်သရုပ်ဖော်ပြခိုင်းခဲ့

ဗြိတိသျှ လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲနေတဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက အခင်းဖြစ်ပွားခဲ့ရာ နေရာကို ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့အတူ မြန်မာသံရုံး ဝန်ထမ်းတွေ အင်္ဂါနေ့က သွားရောက်ခဲ့ပြီး ဓါတ်ပုံရိုက်၊ အချက်အလက် စုဆောင်းတာတွေ လုပ်ခဲ့ကြပါတယ်။

အခင်း ဖြစ်ပြီးတဲ့နောက်ပိုင်း ကော့တောင်ကျွန်းမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဘဝ မလုံခြုံ မှု အန္တရာယ်တွေ ရှိနေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် သူတို့ကို ဥပဒေဘောင်အတွင်းကနေ အကာအကွယ် ပေးဖို့ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေကို ပြောပြခဲ့သလို မြန်မာနိုင်ငံသား တွေကိုလည်း အားပေး စကားတွေ ပြောခဲ့တယ်လို့ ဘန်ကောက် မြန်မာ သံရုံး ဒုတိယ အတွင်းဝန် ဦးထွန်းအေးက ဘီဘီစီကို ပြောပါတယ်။

ဒီလူသတ်မှုကို မြန်မာတွေ ကျူးလွန်ခဲ့တာ မဖြစ်နိုင်ဘူးလို့ အဲဒီမှာ ရှိတဲ့ မြန်မာတွေက ယူဆနေကြပေမယ့် လောလောဆယ်မှာ အခြေအနေမှန်ကို သိရဖို့ ကြိုးပမ်းနေဆဲ ဖြစ်တာကြောင့် မှန်တယ် မှားတယ် ဆိုတာကို သူ့အနေနဲ့ တပ်အပ် မပြောနိုင်သေးဘူးလို့ ဦးထွန်းအေးက ပြောပါတယ်။

ကော့တောင်ကျွန်းမှာ ရဲစခန်း ဒုစခန်းမှူးနဲ့ တွေ့ဆုံခဲ့သလို တနင်္လာနေ့တုန်းကလည်း ကိုစမွီးကျွန်း အကျဉ်းထောင်က ထောင်မှူးနဲ့ရော ရဲမှူးကြီးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။