ထိုင်းလူသတ်မှု စွပ်စွဲခံရသူတွေ ကျူးလွန်မယ်လို့ မယူဆ

  • 8 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption စွပ်စွဲခံနေရသူတွေ ပြစ်မှု ကျူးလွန်လိမ့်မယ် မထင်ဘူးလို့ အစိုးရ သက်သေက ပြော

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်မှု အဓမ္မ ပြုကျင့်မှုတွေနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာအလုပ်သမား ၂ ဦးနဲ့ ပတ်သက်လို့ ဒီကနေ့ ကြာသပတေးနေ့မှာတော့ မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းရဲတွေက တရားလိုသက်သေ အဖြစ် ထိန်းသိမ်းခေါ်ဆောင်ထားတဲ့ မောင်မောင်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

ဒီအမှုကို အခု စွပ်စွဲခံနေရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကျူးလွန် မယ်လို့ မထင်ဘူးလို့ မောင်မောင် က ပြောခဲ့ကြောင်း တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့က ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့် က ဘီဘီစီကို ပြောပါတယ်။

သူတို့အနေနဲ့ ထိုင်းရဲမှူးကြီးနဲ့ တခြားရဲ ၂ ဦး အပြင် မှုခင်းသရုပ်ပြစဉ်က ပါတဲ့ စကားပြန်တ ဦး ရှေ့မှာ မောင်မောင်နဲ့ တွေ့ဆုံခွင့်ရခဲ့တာလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

သူတို့က ဖြစ်ပွားပုံနဲ့ပတ်သက်လို့ မေးမြန်းရာမှာ မောင်မောင်က ဒီအမှုနဲ့ ပတ်သက်လို့ မြင်တာကြားတာမရှိဘူးလို့ ဖြေတယ်လို့ ဆိုပါတယ်။

ဒီလို မြင်တာကြားတာ မရှိဘဲ တရားလို သက်သေအဖြစ် ရဲက ဘာကြောင့် ခေါ်သလဲလို့ မေးရာမှာတော့ သူကိုယ်တိုင် နားမလည်ကြောင်းနဲ့ အခုစွပ်စွဲခံရတဲ့ ဝင်းဇော်ထွန်းဟာ သူနဲ့ တခန်းတည်းနေသူဖြစ်ပြီး သူတို့အခန်းထဲက ဝင်းဇော်ထွန်းရဲ့ ရေစိုနေတဲ့ ဘောင်းဘီရတယ်ဆိုပြီး ဒီအမှုမှာ ပါလာတာလို့ ဖြေကြောင်း ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ အခုစွပ်စွဲခံထားရသူတွေ ပြစ်မှုကို ကျူးလွန်လိမ့်မယ်လို့ မထင်ကြောင်း မောင်မောင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

မောင်မောင်ကို ခြိမ်းခြောက် ဒါမှမဟုတ် ရိုက်နှက်ပြီး တရားလို သက်သေအဖြစ် လုပ်ခိုင်းသလားဆိုတာနဲ့ ပတ်သက်လို့ မောင်မောင်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ မတွေ့ရဘူး၊ မောင်မောင်ကလည်း ရိုက်နှက်တာ မရှိဘူးလို့ ပြောပေမယ့် ရဲတွေ ရှေ့မှောက်မှာ ပြောတာ ဖြစ်လို့ မောင်မောင်ပြောတာကို သူတို့အနေနဲ့ မယုံကြည်ဘူးလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ