ထိုင်းဝန်ကြီးချုပ် ရဲ့ မြန်မာခရီးစဉ်စတင်

  • 8 အောက်တိုဘာ 2014
thai_prime_minister_304x171 ဓာတ်ပုံ မူပိုင် EPA
Image caption ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ

ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ ဟာ မြန်မာနိုင်ငံ ကို နှစ်ရက်ကြာ ခရီးလှည့်လည် ဖို့ ဒီကနေ့ ရောက်ရှိ လာ မှာ ဖြစ်ပါတယ်။ သူ ဟာ နေပြည်တော် မှာ သမ္မတဦးသိန်းစိန် နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေး မှာ ဖြစ်ပြီး၊ မနက်ဖြန် မှာတော့ ရန်ကုန်မြို့ မှာ ထိုင်းစီးပွား ရေး လုပ်ငန်းရှင်တွေ နဲ့ ထိုင်းသံတမန် တွေ ကို တွေ့ဆုံ မှာ ဖြစ်ပါတယ်။

ခရီးစဉ် အတွင်း မြန်မာနိုင်ငံ နဲ့ထိုင်းနယ်စပ် မြို့တွေ ကို ညီနောင် မြို့တွေ အဖြစ် ပူးပေါင်း ဆောင်ရွက် ဖို့ လည်း သဘောတူ စာချုပ် တွေ လက်မှတ်ထိုး ကြ မှာပါ။ နှစ်နိုင်ငံကြား မှာ ရွှေ့ပြောင်းအလုပ်သမားအရေး၊ မူးယစ် ဆေးဝါးပြဿနာ တွေ ကို လည်း ဖြေရှင်းဖို့ ရှိနေချိန် မှာ ထိုင်းဝန်ကြီးချုပ် ရဲ့ မြန်မာပြည် ခရီးစဉ် ဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချူလောလောင်ကွန်တက္ကသိုလ် က နိုင်ငံရေးသိပ္ပံ ပညာရှင် Ji Umpakorn က တော့ ဒီထိပ်တန်း ခေါင်းဆောင် အဆင့် လည်ပတ်တဲ့ခရီးစဉ် ဟာ တကယ် လက်တွေ့ထက် အမြင်ပန်း အရ ပိုအရေးကြီးတဲ့ ပုံ ရှိတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဝန်ကြီးချုပ် ပရာယုဒ် ရဲ့ စစ်အစိုးရ ဟာ ဒေသတွင်း မှာ မိတ်ဆွေရယ် လို့ သိပ်မရှိ တဲ့ အကြောင်း၊ သူ လာလည်မယ် ဆိုရင် ဒီမိုကရေစီနိုင်ငံ အတော်များများ အတွက် အရှက်ရစရာ ဖြစ်နိုင် တဲ့ အကြောင်း၊ အဲဒီ အတွက် မြန်မာနိုင်ငံ က အဆင် အပြေဆုံး လို ဖြစ်နေပုံ၊ နိုင်ငံရေး အရ ကြည့်ရင် လည်း ဒီနှစ်နိုင်ငံကြား မှာ တူတာ တွေ ရှိတာရယ်၊ ထိုင်းအစိုးရ က ရွေးကောက်ပွဲသစ် ကျင်းပလို့ ဘယ်သူဘဲ နိုင်နိုင် အစိုးရသစ် ကို အာဏာ အပြည့်အဝ မပေးချင်သလို ၊ စစ်တပ် က တချို့ ကိစ္စ တွေ မှာ ဗီတိုအာဏာ သုံးချင်တဲ့ အတွက်၊ စစ်တပ် ဘက် က အာဏာ အများကြီး ယူထားတဲ့ မြန်မာပြည် က ပုံစံ ကို ယူနေတာတွေ ကို Ji Umpakorn က ရှင်းပြ ပါတယ်။

ထိုင်း မြန်မာ ဆက်ဆံရေး မှာ စီးပွားရေး ဟာ အဓိက လို့ မြင်ရင်တော့ ၊ ရွေးကောက်ပွဲ နဲ့ တက်လာ တဲ့ဒီမိုကရေစီ အစိုးရ၊ ဥပမာ တပ်ဆင်တို့လို လက်ထက် က ဆိုရင် တော့ စီးပွားရေး ဟာ အဓိက လို့ ပြောနိုင် တာရယ်၊ လက်ရှိ ထိုင်းစစ်အစိုးရ မှာ တော့ စီးပွားရေး အတွေ့အကြုံ လည်း သိပ်မရှိ၊ ဒါကြောင့် မို့၊ အခု ခရီးစဉ် ဟာ နိုင်ငံရေး နဲ့ပို ပတ်သက် တဲ့ အကြောင်း၊ ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ ဟာ သူ့ကိုယ်သူ နိုင်ငံ ခေါင်းဆောင် တယောက် အနေနဲ့ ထွက်ပြ ချင်တဲ့ သဘောမျိုး၊ ရှေ့ဆက် သွားမယ့် အနေအထား နဲ့ပတ်သက် လို့လည်း နှစ်ဖက် အမြင် ဖလှယ်တာမျိုး ရှိနိုင်တဲ့ အကြောင်း လည်း Ji Umpakorn က ပြောပါတယ်။

ဒီခရီးစဉ် မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်မယ်၊ နယ်စပ် မြို့တွေ ကို ညီနောင်မြို့ တွေ ဖြစ်အောင်လုပ်မယ်၊ မူးယစ်ဆေး ကိစ္စ၊ အလုပ်သမား ကိစ္စ ဆွေးနွေးမယ် ဆိုတာမျိုး တွေ ပြောထားပေမယ့်၊ ထိုင်းက မြန်မာ ဒုက္ခသည် တွေ အိမ်ပြန်နိုင်ရေး တို့လို၊ ဒေသတွင်း မှာ ခေါင်းထောင် လာတဲ့အကြမ်းဖက် ဝါဒ နှိမ်နှင်းရေး တို့လို ကိစ္စတွေ တော့၊ အပေါ်ယံ လောက် တော့ ဆွေးနွေးကောင်း ဆွေးနွေး နိုင်တဲ့ အကြောင်း၊ နောက်ထပ် ဆွေးနွေး နိုင်တဲ့ အထဲ မှာ ထိုင်းနိုင်ငံ မှာ ဖြစ် ခဲ့တဲ့ လူသတ်မှု မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကို ဖမ်းတဲ့ကိစ္စလည်း ပါနိုင် ပါတယ်။ နောက်ပြီး အဖမ်းခံထားရတဲ့မြန်မာ နှစ်ယောက် ဟာ တကယ့် တရားခံ မဟုတ်ဘူးလို့ ထိုင်း အတော်များများ က ထင်ကြပါတယ်။ ဒါပေမယ့်တကယ်တမ်း အခု ခရီးစဉ် က တယောက်နဲ့တယောက် ပိုရင်းနှီးမှု ရဖို့သာ အဓိကဖြစ်ပါလို့၊ ကျန်တဲ့ကိစ္စတွေ က နောက်မှဆက်ဆွေးနွေးကြမယ့် အနေအထားမျိုး ဖြစ်ပါလိမ့်မယ် လို့လည်း Ji Umpakorn က သုံးသပ် ပါတယ်။

ဒီခရီးစဉ် ကနေ ဘယ်လို ရလဒ်မျိုး မျှော်လင့်နိုင်မလဲ ဆိုရာ မှာ တော့၊ ကောင်းတဲ့ဖက် က ကြည့်ရင် ထိုင်း နဲ့ မြန်မာလူထု တွေကြား မှာ ပိုရင်းနှီး လာနိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာ နိုင်သလို၊ တဖက် က ကျတော့ လည်း၊ စစ်အာဏာ သိမ်းပြီး မိမိဘာသာ ဝန်ကြီး ချုပ်ခန့် ထားတဲ့၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရှိနေတဲ့ ထိုင်းခေါင်းဆောင် က မြန်မာနိုင်ငံ ကို သွားတယ် ဆိုတော့၊ သူတို့ချင်း အမြင်ဖလှယ် ကြ လို့ ထိုင်းနိုင်ငံ ရဲ့ ဒီမိုကရေစီ အတွက်ရော၊ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ အတွက် ပါ ကောင်းလာစရာ မရှိ လို့၊ နှစ်နိုင်ငံစလုံး၊ အတွက် နာရီ နောက်ပြန် ရွှေ့သလို ဖြစ်မယ် လို့ ထင်တဲ့ အကြောင်း ချူလော လောင်ကွန် တက္ကသိုလ် က နိုင်ငံရေးသိပ္ပံ ပညာရှင် Ji Umpakorn က ဘီဘီစီ ကို ပြောပါတယ်။