ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင်

  • 8 အောက်တိုဘာ 2014
uk_house_304x17 ဓာတ်ပုံ မူပိုင် PA
Image caption အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ရှိ

ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက် ဈေးနှုန်းတွေရဲ့ တန်ဖိုး ကို အရင်ထက် တိုးပြီး သတ်မှတ်ဖို့ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က ပြင်ဆင်နေပါတယ်။

ပြည်တွင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က နေ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက်ဈေးနှုန်း တွေကို အရင်ကထက် ထက်ဝက်လောက် တိုးမြှင့်သတ်မှတ်မယ်ဆိုပြီး အိမ်ခြံမြေ လုပ်ငန်းရှင် တွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

အခု ထုတ်ပြန်မယ်လို့ ပြင်ဆင် နေတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေ အရ တစ်စတုရန်းပေ မြေအကျယ်အဝန်း ဟာ ဗဟန်း၊ ကမာရွတ် ၊ စမ်းချောင်း မြို့နယ်တွေ မှာ ငွေကျပ် (၄)သိန်းလောက် အထိ ဈေးပေါက် နေတာပါ။ ဒီလို လုပ်တာ ဟာ အိမ်ခြံမြေ ရောင်းဝယ် နေသူတွေ အနေနဲ့ အခွန်လိမ်လို့ မရအောင်လုပ်တာဖြစ်ပြီး ဒါကြောင့်လည်း အိမ်ခြံမြေ ဈေးနှုန်း မြင့်တက်လာမှာ မဟုတ်ဘူးလို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။ တကယ်တမ်း ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် မှာ အရောင်းအဝယ် လုပ်တဲ့သူတွေ ဟာ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးနဲ့ လုပ်နေတာ ဖြစ်ပြီး အခု သတ်မှတ်တဲ့ နှုန်းထားတွေ က တကယ်တမ်း ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေ ထက်တော့ နည်းနေ ပါသေးတယ်။ ဒါပေမယ့်လည်း ဒီသတ်မှတ်တဲ့ တစ်ပေပတ်လည် ဈေးနှုန်းပေါ် မူတည်လို့ အခွန်အခတွေ တိုးကောက်တဲ့ အတွက် အိမ်ခြံမြေ အရောင်း၊ အဌား ဈေးနှုန်းတွေ တက်လာပြီး ဈေးကွက် ကို ထိခိုက်စေတယ် လို့ စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင် က ပြောပါတယ်။ လက်ရှိ အိမ်ခြံမြေ ဈေးကွက် မှာတော့ ပြည်တွင်းအခွန် ဦးစီးဌာန ကို အရောင်းအဝယ်ဖြစ်တဲ့ ငွေကြေးပမာဏပေါ် မူတည်ပြီး အခွန်ဆောင် ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ခြံမြေ အရောင်းအဝယ် လုပ်သူတွေ ဟာ တကယ်တမ်း ရတဲ့ ဈေးနှုန်းထက် လျှော့ပြီး အခွန်ပေးဆောင်နေသလို လုပ်ငန်းရှင်ကြီးတွေရဲ့ အိမ်ခြံမြေ ဈေးကွက် ထဲ ဝင်ရောက် အရောင်အဝယ်လုပ် ဈေးနှုန်းကစားမှုတွေနဲ့ အခွန်ရှောင်တိမ်းမှုတွေ ကလည်း ရှိနေပါတယ်။