ရဟတ်ယာဉ်မှူးကို အလောင်းပဲ ရှာတွေ့

  • 9 အောက်တိုဘာ 2014
Hkakaborazi Search ဓာတ်ပုံ မူပိုင် Htoo Foundation
Image caption ဆက်သွယ်မှု ပြတ်တောက် သွားတဲ့လေယာဉ်နဲ့ ပါသွားသူ တွေကို ရှာခဲ့ ( ထူးဖောင်ဒေးရှင်း ဓါတ်ပုံ)

ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်က စပြီး အဆက်အသွယ် ပြတ်တောက်သွားတဲ့ ကယ်ဆယ် ရှာဖွေရေး ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးရဲ့ အလောင်းကိုတွေ့ပြီလို့ ကယ်ဆယ်ရေးတွေ စီစဉ်တဲ့ ထူးဖောင်ဒေးရှင်က ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တာ လို့လည်း ထူးဖောင်ဒေးရှင်က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါ သွားသူ တောင်တက်သမား တစ်ယောက် ဖြစ်တဲ့ ဦးရွှေရင်တော်ကြီးက နောင်မွန်း မြို့နယ် ဂါးထု ကျေးရွာ အနီး လန်ကာ ရွာကို အရင်ဆုံး ပြန်ရောက် လာခဲ့ပြီး ဒဏ်ရာရထားလို့ နောက်မှာ ကျန်နေခဲ့တဲ့ ရဟတ်ယာဉ်မှူး နှစ်ယောက်ကို ရှာဖွေဖို့ ပြောခဲ့တယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

အောက်တိုဘာလ ၈ ရက်ကတော့ ထိုင်း ရဟတ်ယာဉ်မှူးကို အသက်မသေဘဲ ပြန်တွေ့ခဲ့ပါတယ်။

မြန်မာ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးက မျက်လုံးနဲ့ ခါးမှာ ဒဏ်ရာ ရထားတယ်လို့ ဦးရွှေရင်တော်ကြီးက ပြောကြောင်းလည်း ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

ရှာဖွေရေး အဖွဲ့က ဦးအောင်မြတ်တိုးရဲ့ အသုံး အဆောင် ပစ္စည်းတွေကို အရင်တွေ့ခဲ့ပြီး လိုက်လံ ရှာဖွေတော့မှ သူ့အလောင်းကို သုံးယောက် လမ်းခွဲခဲ့ကြတဲ့ နေရာဖြစ်တဲ့ ရဟတ်ယာဉ် မတော်တဆ ဖြစ်ခဲ့ပြီးတဲ့နောက် သုံးယောက် ရွှေ့ပြောင်းခဲ့တဲ့ နေရာမှာ ပြန်တွေ့တာလို့ ဆိုပါတယ်။

လေယာဉ် မတော်တဆမှု ဆိုတာနဲ့ ပတ်သက်လို့တော့ လောလောဆယ် အတိအကျ သတင်း ထုတ်ပြန် ပြောနိုင်ခြင်း မရှိသေးဘူးလို့ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။

ဆက်သွယ်ရေး ခက်ခဲတဲ့ အတွက် ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးရဲ့ အလောင်းက တောထဲမှာပဲ ရှိနေ သေးတယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ