လူသတ်မှု စွပ်စွဲခံထားရသူ မြန်မာတွေရဲ့ အမှု နောက်ဆုံး အခြေအနေ

  • 10 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မှုခင်း ပညာရှင်တွေ မပါပဲ ရဲတွေနဲ့ပဲ အမှုကို စစ်ဆေးခဲ့

ထိုင်းနိုင်ငံမှာ ဗြိတိသျှ လူမျိုး နှစ်ဉီးကို သတ်ခဲ့မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာ အလုပ်သမား တွေရဲ့ အရေး အတွက် မြန်မာ အစိုးရက ပြည်ထောင်စု ဝန်ကြီးအဖွဲ့ တဖွဲ့ကို ထိုင်းကို စေလွှတ်မယ်လို့ သိရပါတယ်။

အဲဒီ အဖွဲ့ထဲမှာ မှုခင်းပညာ ကျွမ်းကျင်သူတွေ၊ ဥပဒေရေး ကျွမ်းကျင်သူတွေလည်း ပါဝင်မယ်လို့ အဲဒီမြန်မာ အလုပ်သမားတွေရဲ့ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ဘီဘီစီကို ပြောပါတယ်။

အခုအခါ ဒီအမှုနဲ့ ပတ်သက်လို့ ရယူ စုဆောင်းထားတဲ့ အချက်အလက်တွေကို မြန်မာအစိုးရထံ ပို့ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းရဲရဲ့ အမှုတွဲ အစီရင်ခံစာကို ကူးယူခွင့် မရခဲ့ပေမယ့် စွပ်စွဲခံထားရသူ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးကို အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းရဲရဲ့ သက်သေအဖြစ် ထိန်းသိမ်း ခံထားရသူ ကိုမောင်မောင်ကိုလည်း တွေ့ဆုံခဲ့ပြီး မေးမြန်းခဲ့ချက်တွေအရ သူတို့ဟာ ဒီလူသတ်မှုကို ကျူးလွန်ဖို့ အခြေအနေ နည်းကြောင်း မြန်မာအစိုးရထံ တင်ပြထားတယ်လို့ ဦးအောင်မျိုးသန့် က ပြောပါတယ်။

အဲဒီ အမှုကို ထိုင်းရဲတွေ စစ်ဆေး ခဲ့စဉ်တုန်းက DNA အတွက် တံတွေး တခုကိုပဲ ယူခဲ့ကြောင်းနဲ့ မှုခင်း ပညာရှင်တွေ မပါပဲ ရဲတွေနဲ့ပဲ လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ချို့ယွင်း လစ်ဟာမှုတွေ ရှိနေခဲ့ကြောင်း ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန့် က ဘီဘီစီကို ပြောပါတယ်။