တိုနီဘလဲဆီက 'အဖိုးတန်အတွေ့အကြုံ'တွေ ရရှိ

  • 11 အောက်တိုဘာ 2014
Tony Blair, U Thein Sein
Image caption သမ္မတ ဦးသိန်းစိန်နဲ့ တိုနီဘလဲ နေပြည်တော်မှာ တွေ့ဆုံ

ဗြိတိန်က အထင်ကရ နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး သောကြာနေ့တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ဦးတွေ့ဆုံမှုကို အစိုးရဘက်က ထုတ်ပြန်ပေမယ့် ဘာတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ နှစ်ဘက်စလုံးကနေ ထုတ်ပြန် ဖော်ပြတာမျိုး မရှိပါဘူး။

သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီလို မဖော်ပြတာဟာ ခေါင်းစဉ်အတိအကျနဲ့ ဆွေးနွေးတာမျိုးမဟုတ်ပဲ အမြင်ချင်း ဖလှယ်တဲ့ပုံစံမျိုး၊ အကြောင်းအရာပေါင်းစုံကို ဆွေးနွေးတဲ့ အတွက်ကြောင့်လို့ ပြောပါတယ်။

မြန်မာအစိုးရနဲ့ မစ္စတာ ဘလဲတို့ကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အပါအဝင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မစ္စတာဘလဲဆီကနေ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ၊ အတွေ့အကြုံတွေ ရရှိသလို မစ္စတာဘလဲအနေနဲလည်း မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေကို သိရှိခွင့်ရကြောင်း သူက ပြောပါတယ်။

မစ္စတာဘလဲနဲ့ မြန်မာအစိုးရကြား တိတိကျကျ သဘောတူလုပ်ဆောင်တဲ့ အစီအစဉ်တွေ မရှိပေမယ့် မစ္စတာဘလဲအပြင် ယူကေအစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် ယူကေဘက်က မြန်မာနိုင်ငံအပေါ် အကူအညီထပ်တိုးပေးလာတာတွေနဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာတာတွေ ဖြစ်လာကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

မစ္စတာ ဘလဲဟာ သောကြာနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။