ဝန်ကြီး ဦးအောင်မင်း လွှတ်တော်မှာ ရှင်းလင်း

  • 13 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption MPC က ပညာရှင်တွေကို ဒေါ်လာ သောင်းချီ ပေးရ တာဟာ အီးယူ ကနေ ပေးတာသာ ဖြစ်တယ်

မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC ဟာ နိုင်ငံ တကာ အထောက် အပံ့ တွေကို သုံးစွဲရာမှာ ပွင့်လင်း မြင်သာမှု မရှိဘူး ဆိုတဲ့ ဝေဖန်မှုတွေ အပေါ် MPC ဥက္ကဌ သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းက လွှတ်တော်မှာ တနင်္လာနေ့က ရှင်းလင်း သွားပါတယ်။

နိုင်ငံတကာ က အထောက် အပံ့ ငွေတွေကို အလှူ ရှင် အဖွဲ့ အစည်း တွေက တဆင့် စီမံ ခန့်ခွဲတာ ဖြစ်ကြောင်းနဲ့ တခြား နိုင်ငံ တကာက ရတဲ့ အကူ အညီ ငွေတွေ ကိုလည်း သူတို့ အနေနဲ့ သီးသန့် သုံးစွဲတာ မရှိ ဘူးလို့ ဦးအောင်မင်းက လွှတ်တော်မှာ ပြောကြား သွားခဲ့ ပါတယ်။

အီးယူက မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အတွက် ယူရို ငါးသန်း အထိ အဆင့် ၂ ဆင့်ခွဲ ပြီး ပေးအပ် နေတာ ဖြစ်ကြောင်း၊ ဝန်ထမ်း အင်အား တစ်ရာ ကျော် ရှိတဲ့ MPC ဟာ ဝန်ထမ်း စရိတ် အတွက် နှစ်နှစ် အတွင်း ယူရို ၁၂ သိန်း ကျော် သုံးခဲ့ပြီး ဖြစ်တယ် လို့လည်း ရှင်းပြခဲ့ပါတယ်။

MPC က ပညာရှင်တွေကို တစ်လ ဒေါ်လာ သောင်းချီ ပေးနေရ တယ်ဆိုတဲ့ ဝေဖန် မှုတွေ ကိုတော့ ဦးအောင်မင်း က ဒါဟာ အီးယူ ကနေ တဆင့် စံချိန် စံညွန်းတွေ အတိုင်း စာချုပ် တွေနဲ့ ပေးတာသာ ဖြစ်တယ် လို့လည်း ပြော သွားပါတယ်။

ဒါ့အပြင် အပြင်မှာ သတင်း ထွက်နေတဲ့ ငြိမ်းချမ်းရေး ကားပါမစ် တွေနဲ့ ပတ်သတ်လို့ လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ မေးခွန်း တွေကိုလည်း ဦးအောင်မင်းက ဖြေကြား ခဲ့ပါတယ်။

အောက်တိုဘာ လ အတွင်း ကျင်းပမယ့် ပြောထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ကိစ္စ ကိုတော့ ကျင်းပမယ် မကျင်းပဘူး ဆိုတာ ကိုတော့ ပြောကြား သွားခြင်း မရှိပါ။

သီတင်းကျွတ် ကာလ အတွင်း ၉ ရက်ကြာ ခေတ္တ ရပ်နား ထားတဲ့ လွှတ်တော် ပုံမှန် အစည်း အဝေးတွေ ပြန် အစမှာ အခုလို ဝန်ကြီး ဦးအောင်မင်းရဲ့ ရှင်းလင်း တင်ပြ ချက်တွေဟာ စိတ်ဝင်စား ဖို့ အကောင်းဆုံး ခေါင်းစဉ် တစ်ခု ဖြစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ