ပုဂံကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ကြိုးပမ်း

  • 13 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် ap
Image caption စစ်အစိုးရ လက်ထက်က ရှေးဟောင်း ဘုရားတွေကို ပညာရှင်တွေနဲ့ မတိုင်ပင်ပဲ ပြန်လည် ပြုပြင် တည်ဆောက်မှုတွေ ရှိခဲ့

ပုဂံကို ကမ္ဘာ့အမွေအနှစ်တခုအဖြစ် သတ်မှတ် နိုင်ရေးအတွက် မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ယူနက်စကိုက ချမှတ်ထားတဲ့ ကမ္ဘာလုံး ဆိုင်ရာ စံတန်ဘိုး သတ်မှတ်ချက် ၆ချက်ထဲမှာ ဘယ်အချက် တွေနဲ့ ကိုက်ညီမှု ရှိနေသလဲ၊ ဘယ်လို တင်ပြကြမလဲ ဆိုတာတွေကို အစိုးရ၊ ပြည်တွင်း ပြည်ပ ပညာရှင် တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့ကနေ ၁၂ရက် နေ့အထိ ပုဂံမှာ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ပုဂံကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်ပေးဖို့ ၁၉၉၆ခုနှစ်တုန်းက ယူနက်စကိုကို တင်ခဲ့ဖူးပေမယ့် အချက်အလက် မပြည့်စုံခဲ့တာကြောင့် ပယ်ချခံခဲ့ရကြောင်း၊ မြန်မာနိုင်ငံမှာ ရှေးဟောင်း ဝတ္ထု ပစ္စည်း ဥပဒေသာ ရှိခဲ့ပြီး ယူနက်စကိုရဲ့ ထောက်ပြချက်အရ ရှေးဟောင်း အမွေအနှစ် ဒေသတွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကို ၁၉၉၈ ခုနှစ်မှာ ပြဌာန်းခဲ့ကြောင်း၊ အဲဒီ ဥပဒေအရ ရှေးဟောင်း အမွေအနှစ် ကာကွယ် စောင့်ရှောက်ဖို့ ဇုံ ၃ဇုံ သတ်မှတ် ထားရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဟိုတယ်တွေအတွင်းမှာ ရှေးဟောင်း ဘုရားတွေ ရောက်ရှိနေတဲ့အတွက် ရှေးဟောင်း အမွေအနှစ် ဘုရားတွေ ပျောက်ဆုံး ပျက်စီးကုန်မယ့် အန္တရာယ်ကို ကာကွယ်ဖို့ သုတေသန လုပ်ငန်းတွေ၊ ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ ရှေးဟောင်း အမွေအနှစ် စာရင်း ကောက်ယူမှု လုပ်ငန်းတွေ ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။

စစ်အစိုးရ လက်ထက်တုန်းက ပုဂံဘုရားတွေကို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ မတိုင်ပင်ပဲ ပြုပြင် တည်ဆောက်ခဲ့မှုတွေကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်လာရေးမှာ ပြဿနာ အခက်အခဲ တခု ဖြစ်နေရတယ်လို့လည်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။