ထိုင်းရဲချုပ်ကို သံအမတ်ကြီး ၂ ယောက် မေးခွန်းထုတ်

  • 14 အောက်တိုဘာ 2014
Two Burmese workers are accused of murdering two British tourists in Thailand. ဓာတ်ပုံ မူပိုင် Reuters
Image caption ဗြိတိသျှ နှစ်ယောက်ကို သတ်မှုနဲ့ မြန်မာ နိုင်ငံသား နှစ်ယောက် စွပ်စွဲခံထားရ

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာဗြိတိန် နိုင်ငံသား နှစ်ယောက် အသတ်ခံရမှု အတွက် စစ်မေးဖို့ သက်သေအဖြစ် ရဲက တင်ထားသူ မြန်မာနိုင်ငံသား သုံးယောက်ကို အောက်တိုဘာလ ၁၄ ရက်နေ့က စတင် စစ်ဆေးခဲ့ ပါတယ်။

သူတို့ကို အစိုးရရှေ့နေက ကော်စမွီကျွန်း တရားရုံးမှာ တရားသူကြီးကို သက်သေ ထားပြီး ကြိုတင် စစ်ချက်ယူတာဖြစ်ပါတယ်။

ထိုင်းဥပဒေအရ သက်သေဟာ နိုင်ငံခြားသားဖြစ်မယ်ဆိုရင် သူ့နိုင်ငံ သူပြန်နိုင်အောင် ကြိုတင် စစ်ချက်ယူခွင့်ရှိပါတယ်။

ဒီအမှုကို တရားရုံးကိုတော့ မတင်ရသေး ပါဘူး။

ကြိုတင် စစ်ချက်ယူရာမှာ သက်သေတွေရဲ့ ထွက်ဆိုချက်တွေက လူသတ်မှု ကျူးလွန်တဲ့ အထောက်အထား ပြနိုင်သူ မရှိဘူးလို့ မြန်မာသံရုံး ကိုယ်စားလှယ် အဖြစ် တရားရုံးကို ရောက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ပဲ ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်နဲ့ မြန်မာ သံအမတ်ကြီး နှစ်ယောက်တို့ကလည်း မနက်ပိုင်းမှာ တစ်နာရီကြာ တွေ့ဆုံပြီး အချက်အလက် ဖလှယ်ကြဖို့နဲ့ နိုင်ငံတကာ အဆင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ထိုင်းရဲချုပ်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းရဲချုပ်နဲ့ တွေ့ဆုံရာမှာ DNA စစ်ဆေးချက်တွေကို အဓိက မေးမြန်းခဲ့ပြီး ဗြိတိန်နဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ ပညာရှင်တွေ လာရောက် စစ်ဆေးခွင့် ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ရဲချုပ် ဘက်တော့ တရားခံလို့ စွပ်စွဲခံထား ရသူတွေက ဝန်ခံကြောင်းကို အဓိကထား ပြောခဲ့တဲ့ အပြင် ကျွမ်းကျင်သူတွေ လာရောက် စစ်ဆေးဖို့ ခွင့်မပြုဘဲ လေ့လာသူနဲ့ အကြံပေးအဆင့် ကိုပဲ ခွင့်ပြုမယ်လို့ သာ ပြောခဲ့တယ်လို့ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။

ဗြိတိန် နဲ့ မြန်မာ သံအမတ်ကြီး နှစ်ယောက်စလုံးက အမှုကို တရားမျှမျှ တတနဲ့ လွတ်လပ်စွာ စစ်ဆေးစေလိုတယ်၊ တရားခံ အစစ်အမှန်ကို ပေါ်ပေါက်စေချင်ပြီး အစားထိုးတာ လက်မခံနိုင်ကြဘူးလို့ သူက ပြောပါတယ်။

အမှုမှန် ပေါ်ပေါက်ရေးကတော့ တရားခံလို့ စွပ်စွဲခံရသူ နှစ်ယောက်ပေါ်မှာသာ မူတည်နေပြီး အမှုမှာ တခြားလူတွေလည်း ပါနိုင်တယ်၊ သူတို့ နောက်ကွယ်မှာ ဘာတွေ ကြိုးကိုင်မှု ရှိတယ်ဆိုတာ ဖော်ထုတ်ဖို့ တိုက်တွန်း ထားတယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ