ဖြူနှင်းထွေးကို ပြန်လွှတ်ဖို့ ကျောင်းသားတွေ တောင်းဆို

  • 14 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဝမ်ပေါင် ကုမ္ပဏီကို ဆန့်ကျင်မှုတွေ ပိုတိုးလာနေ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အကောင်အထည်ဖေါ်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီ ဝန်ထမ်း တရုတ် နိုင်ငံသား နှစ်ဦးကို ဒေသခံတွေနဲ့ အတူ ပြန်ပေးဆွဲခဲ့ရာမှာ ပါဝင်ခဲ့တယ် ဆိုပြီး အဖမ်းခံ ထားရတဲ့ ဗကသ ကျောင်းသူ မဖြူနှင်းထွေးကို ပြန်လွှတ်ပေး ဖို့ ကျောင်းသား ၁၀ဝကျော်က ယင်းမာပင် မြို့တွင်းနဲ့ မုံရွာ တစ်ဖက်ကမ်းမှာ ရှိတဲ့ ဝမ်ပေါင် ကုမ္ပဏီရှေ မှာ အောက်တိုဘာလ ၁၃ရက်နေ ညနေပိုင်းက ဆန္ဒ ဖော်ထုတ် ခဲ့ကြပါတယ်။

တရုတ် နိုင်ငံသား နှစ်ဦးကို ပြန်ပေးဆွဲတယ် ဆိုပြီး ယင်းမာပင် ခရိုင် တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ မဖြူနှင်းထွေးကို စတုတ္ထအကြိမ်မြောက် ရုံးချိန်း အတွက် ရုံးထုတ်လာစဉ် ကျောင်းသားတွေက အခုလို ဆန္ဒ ဖော်ထုတ်ခဲ့ကြတာပါ။

မြန်မာ့ စီးပွားရေး ဦးပိုင်နဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ဟာ အစီရင်ခံစာ အတိုင်း အကောင်အထည် ဖော်တာ မရှိဘူးလို့ ရုံးချိန်း အပြီးမှာ မဖြူနှင်းထွေးက သတင်းထောက်တွေကို ပြောသွားခဲ့ ပါတယ်။

ကြေးနီ စီမံကိန်း အကောင်အထည် ဖော်ရေး ကော်မတီ ဟာ လျော်ကြေး မယူတဲ့ မြေဧက ၂၀ဝ အတွက် လည်း ဖြေရှင်း ပေးတာ မရှိသေးဘူး လို့လည်း ဆိုပါတယ်။

မဖြူနှင်းထွေးကို လွှတ်ပေးဖို့ ဗကသ ကျောင်းသားတွေ ဆန္ဒ ဖော်ထုတ် ခဲ့ကြတဲ့ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ရဲ တပ်ဖွဲ့ဝင်တွေက အတားအဆီးတွေနဲ့ ပိတ်ထားခဲ့တာ ရှိပေမယ့် ညနေပိုင်းမှာ ဆန္ဒပြမှုက အေးအေးချမ်းချမ်းနဲ့ လူစုကွဲ သွားခဲ့ပါတယ်။

အခု ဒီအမှုနဲ့ ပတ်သက်လို့ အောက်တိုဘာလ ၁၃ရက်နေ့ စတုတ္တအကြိမ် ရုံးချိန်းအထိ တရားလိုပြ သက်သေ ငါးဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ပြီး အခု တရားရုံးချိန်းမှာလည်း အရင်လို အာမခံပေးဖို့ လျှောက်ထားခဲ့ပေမယ့် အာမခံ ပယ်ချ ခံခဲ့ရတယ်လို့ သိရပါတယ်။

ပဉ္စမ အကြိမ် ရုံးချိန်းကိုတော့ အောက်တိုဘာလ ၁၅ရက်ကို ထပ်မံ ချိန်းဆိုထားပါတယ်။