မဖြူနှင်းထွေး လွတ်ပြီ

  • 15 အောက်တိုဘာ 2014
Bakatha ဓာတ်ပုံ မူပိုင် ABSFU
Image caption တရုတ် အလုပ်သမား နှစ်ယောက်ကို ပြန်ပေးဆွဲမှုနဲ့ မဖြူနှင်းထွေးကို ဖမ်းဆီးခဲ့

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းက တရုတ်နိုင်ငံသား ဝန်ထမ်း နှစ်ယောက်ကို ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီး ခံထားရပြီး အမှုရင်ဆိုင် နေရတဲ့ မဖြူနှင်းထွေး အောက်တိုဘာလ ၁၅ ရက်က ပြန်လွတ် လာခဲ့ပါတယ်။

တရားလို ဖြစ်တဲ့ ကြေးနီ တူးဖော်ရေး စီမံကိန်း တာဝန်ခံ ဦးလှစိန်က အမှုကို ရုပ်သိမ်း ပေးလိုက်လို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ဝင် မဖြူနှင်းထွေးကို ဗုဒ္ဓဟူးနေ့က ပြန်လွှတ် ပေးလိုက်တာ ဖြစ်ပါတယ်။

အတူ တရားစွဲခံကြရသူ လယ်သမား တွေကို အမှု ရုပ်သိမ်းပြီးကာမှ သူ့ကို ဖမ်းဆီး အရေးယူတာနဲ့ ပတ်သက်လို့တော့ အမျိုးသား ပညာရေး ဥပဒေ မူကြမ်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ က တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကန့်ကွက်နေကြတာကို အာရုံလွဲသွားစေဖို့ အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ သူ့ကို ဖမ်းတာ ဖြစ်နိုင်တယ်လို့ မဖြူနှင်းထွေးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက လျော်ကြေး ယူမထားတဲ့ လက်ပံတောင်း တောင်သူတွေရဲ့ လယ်မြေတွေကို ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီက လာရောက် ခြံစည်းရိုးခတ်တာကို တောင်သူတွေက တားဆီးပြီး တရုတ် ဝန်ထမ်းနှစ်ယောက်ကို ခေတ္တခေါ်ယူ ထိန်းသိမ်း ခဲ့ချိန်မှာ တောင်သူတွေနဲ့ အတူ ရှိနေတဲ့ မဖြူနှင်းထွေး လည်း ပြန်ပေးဆွဲသူတွေထဲ ပါတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ချုပ်နှောင်ထားတဲ့ အချိန်မှာလည်း အကျဉ်းသား တစ်ယောက် ရသင့်တဲ့ အခွင့် အရေးတွေ ရခဲ့တယ်လို့ မယူဆကြောင်း သူက ပြောပါတယ်။

အခု ပြန်လွတ် လာလာချင်းမှာ သူ့ကို တွေ့ချင်နေကြတဲ့ လက်ပံတောင်း တောင်သူတွေဆီ အရင်ဆုံး သွားမယ်၊ နောက်ပိုင်း မှာလည်း လက်ပံတောင်း ဒေသက မြေသိမ်းခံ တောင်သူတွေ အခွင့် အရေး မနစ်နာ စေဖို့ လိုအပ်သလို ဆက်လက် ကူညီသွားမယ်လို့ မဖြူနှင်းထွေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ