ရန်ကုန် လျှပ်စစ် အဖွဲ့ကို ကော်ပိုရေးရှင်း ပြောင်းဖို့ စီစဉ်နေ

  • 16 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် MEHR
Image caption လုံခြုံ စိတ်ချရတဲ့ ဓါတ်အား ဖြန့်ဖြူးရေး စနစ် ပေါ်ပေါက်လာဖို့ ကော်ပိုရေးရှင်း ဖွဲ့မှာလို့ ဆို

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ကို ဒီနှစ်ကုန်ပိုင်းမှာ ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။

ကော်ပိုရေးရှင်း ဖွဲ့ရာမှာ ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေး အဖွဲ့ဘက်က အမေရိကန် တစ်ဘီလျံ ဒေါ်လာ မတည်ဖို့ ရှိပြီး အစိုးရက ၅၁ရာခိုင်နှုန်း၊ ပုဂ္ဂလိက ပိုင်းက ၄၉ ရာခိုင်နှုန်း နဲ့ ရင်းနှီး မြုပ်နှံမှာ ဖြစ်ပါတယ်။

လူဦးရေ အများဆုံးနဲ့ စက်မှုဇုန် အများဆုံး ရှိတဲ့ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှာ ပြည်တွင်းပြည်ပနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ရင်းနှီး မြှုပ်နှံနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ဓာတ်အား ဖြန့်ဖြူးရေး စနစ် ပေါ်ပေါက်လာဖို့ အတွက် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ကို ကော်ပိုရေးရှင်း ဖွဲ့ဖို့ ပြင်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အရှုံးပေါ်နေတဲ့ ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်မှာ ငွေကြေးနဲ့ ပစ္စည်း အထောက်အပံ့တွေ ရဖို့ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီလို လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ကို ကော်ပိုရေးရှင်း ဖွဲ့ပြီဆိုရင်တော့ အများ ပြည်သူတွေကို ကောက်ခံနေတဲ့ ဓာတ်အားခ နှုန်းထားတွေ တိုးမြှင့် ကောက်ခံသွားမလား ဆိုတာကိုတော့ ဦးအောင်ခိုင်က တိတိကျကျ ပြောမသွားခဲ့ပါဘူး။

ဒါပေမယ့် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ စီးပွားရေးသမားတွေကတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှာ လုံလောက်တဲ့ ငွေကြေး ရရှိဖို့ အတွက် စက်မှုဇုန်တွေမှာ ကောက်ခံနေတဲ့ ဓာတ်အားခ နှုန်းထားတွေကို တိုးမြှင့် ကောက်ခံသင့်တယ်လို့ အကြံပြုခဲ့ကြပါတယ်။

အခုလို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကို ကော်ပိုရေးရှင်းဖွဲ့နိုင်ဖို့အတွက်ကို ကမ္ဘာ့ဘဏ် အုပ်စုထဲမှာ ပါတဲ့ အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က နည်းပညာပိုင်းမှာ ကူညီမှုတွေ ပေးနေပါတယ်။

လောလောဆယ် လျှပ်စစ်မီး ပုံမှန် မရသေးတဲ့ ရန်ကုန်မြို့ရဲ့ လျှပ်စစ် ဖြန့်ဖြူးရေးမှာ မကြာခဏ ဓာတ်အားလိုင်းကြိုး ပြတ်ကျတာ ၊ ဗို့အား မငြိမ်တာတွေ နဲ့ လျှပ်စစ် ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်မှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ အခု အသစ်ဖွဲ့ဖို့ ပြင်နေတဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဖြေရှင်းနိုင်မလား ဆိုတာကိုတော့ ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။